Home သတင်း မြန်မာ့အရေး ICC လွှဲရန်၊ လက်နက်နှင့် လေယာဉ်ဆီ တင်ပို့မှု ပိတ်ပင်ရန် ကုလ လူ့အခွင့်အရေးအကြီးအကဲ တောင်းဆို

မြန်မာ့အရေး ICC လွှဲရန်၊ လက်နက်နှင့် လေယာဉ်ဆီ တင်ပို့မှု ပိတ်ပင်ရန် ကုလ လူ့အခွင့်အရေးအကြီးအကဲ တောင်းဆို

15
Reference: AA News

စက်တင်ဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပိုမိုဆိုးရွားလာသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အကျပ်အတည်းကို ဖြေရှင်းရန် မြန်မာ့အရေးကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရန်နှင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်နှင့်လေယာဥ်ဆီ လွှဲပြောင်းနေခြင်းကို ရပ်ဆိုင်းရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က တောင်းဆိုခဲ့ကြောင်း နိုင်ငံတကာသတင်းများမှ ဖော်ပြသည်။

ဂျီနီဗာမြို့တွင် စက်တင်ဘာ(၇)ရက်နေ့က စတင်ကျင်းပနေသည့် (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် ကုလ လူ့အခွင့်အရေးအကြီးအကဲက နိုင်ငံတကာကိုတောင်းဆိုရာ၌ ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီတင်ပို့မှုများသည် စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ထင်ထင်ရှားရှားပါဝင်နေသည်ဟု Volker Türk က ဆိုသည်။ ယင်းကြောင့် မြန်မာနိုင်ငံတွင် အရပ်သား သေဆုံးမှု ပိုမိုမြင့်မားလာနေပြီး အစီရင်ခံသည့်ကာလအတွင်း အရပ်သား သေဆုံးသူ ၁,၂၀၀ ကျော်မှ ၃,၀၀၀ အထိ ရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ အခြေအနေမှာ ကပ်ဘေးသဖွယ် ဆိုးရွားနေပြီး စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့၏ မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မ စစ်သားစုဆောင်းမှုအပါအဝင် စနစ်တကျ ပြုလုပ်သော အကြမ်းဖက်မှုများကို ရင်ဆိုင်နေရကြောင်းလည်း အစည်းအဝေးတွင် တင်သွင်းပြောကြားသွားသည်။

Reference: AA News

ထို့ကြောင့် လက်ရှိ မတည်ငြိမ်သည့် အခြေအနေတွင် ဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရေးမှာ မဖြစ်နိုင်သေးဟု ကုလ လူ့အခွင့်အရေးအကြီးအကဲ၏ သတိပေးချက်ကို သတင်းတွင်ဖော်ပြသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ် ကလည်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများနှင့် ဒဏ်ရာရသူများကို စစ်အုပ်စုက ထပ်မံပစ်မှတ်ထား တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ကျူးလွန်လာကြောင်း တင်ပြခဲ့ခြင်းရှိသည်။

IIMM အနေဖြင့် စစ်အုပ်စု၏ ရာဇဝတ်မှု အထောက်အထားများအတွက် သတင်းရင်းမြစ် ၁,၆၀၀ ကျော်၊ သက်သေ ၇၅၀ ကျော်ထံမှ အထောက်အထားများ စုဆောင်းထားပြီးဖြစ်ကြောင်းနှင့် ယင်းအထောက်အထားများကို ICJ တရားရုံး ကြားနာမှုများတွင်လည်း အသုံးပြုနိုင်ရန် ပံ့ပိုးပေးခဲ့ကြောင်းလည်း သိရသည်။