စက်တင်ဘာ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ကမမောင်းမြို့အနီး မိဇိုင်းတောင်ခြေတွင် ထိုင်းနိုင်ငံမှ ဖမ်းဝရမ်းထုတ်ခံထားရသူ ကရင်ပြည်နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်မှူးစောမုတ်သုန် ပြောင်းရွှေ့နေထိုင်ခြင်းအပေါ် နယ်မြေအတွက် လက္ခဏာမကောင်းဟု တပ်မဟာ(၅)ဘက်က ပြောသည်။
BGF အမှတ်(၄)တပ်နယ်မှူးအပြင် တပ်ရင်း (၁၀၂၂)၏ တပ်ရင်းမှူးတာဝန်လည်းယူထားသည့် ဗိုလ်မှူးစောမုတ်သုန်မှာ ထိုင်းအာဏာပိုင်များ၏ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက်ပိုင်း အင်အားအများအပြားဖြင့် မိဇိုင်းတောင်ခြေ ဧရိယာ အနီးဝန်းကျင်တွင် အခြေချနေထိုင်နေခြင်း ဖြစ်သည်။
စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ဖွဲ့ဝင်များ လနှင့်ချီ တိုက်ပွဲအပြင်းအထန် ဖြစ်ပေါ်နေသည့်ထိုနေရာသို့ ဗိုလ်မှူးစောမုတ်သုန်တို့ ပြောင်းရွှေ့လာသည့်အပေါ် နယ်မြေအတွက် မကောင်းသည့်လက္ခဏာဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ(၅)ဘက်က ပြောသည်။
“သူရဲ့ ပါလာတဲ့ ပြဿနာနဲ့ နယ်မြေဖြစ်ရပ်အပေါ်မှာ ဒီလိုပြေးလာပြီး ပြောင်းရွှေ့အခြေချနေတာ ရေရှည်အတွက် ကောင်းတဲ့လက္ခာဏာမဟုတ်ဘူး။ မူတြော်ခရိုင်အတွက်ရော သူကိုယ်တိုင်အတွက်ရော မကောင်းဘူး” ဟု တပ်မဟာ(၅) ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က ပြောသည်။
လက်ရှိ မိဇိုင်းတောင်ခြေတွင် ဗိုလ်မှူးစောမုတ်သုန်သည် တပ်ဖွဲ့ဝင်အင်အား(၃၀၀)ဝန်းကျင်နှင့် တပ်စွဲနေထိုင်ပြီး အနီးရှိ ဝါတမို၊ နိုထာ၊ လယ်ကွဲ၊ ဝါးဒူး စသည့်ကျေးရွာများတွင်လည်း စားနပ်ရိက္ခာ လှူဒါန်းခြင်းနှင့် လမ်းလုပ်ငန်းများ လုပ်ဆောင်ပေးနေခြင်း ရှိသည်။
သို့သော်လည်း ထိုလုပ်ရပ်များသည် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအသွင်ဆောင်သော လက္ခာမဟုတ်ဘဲ အဖက်ဖက်မှ ပြဿနာများ ပိုမိုများလာနိုင်ကြောင်း ကေအဲန်ယူ တပ်မဟာ(၅)ဘက်က ဖြည့်စွက်သုံးသပ်သည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ဘက်ခြမ်းတွင်သာ လှုပ်ရှားနေထိုင်လာသူ BGF ခေါင်းဆောင် ဗိုလ်မှူးစောမုတ်သုန်ကို တရားမဝင်နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု၊ ရာဇဝတ်မှု ကျူးလွန်သည့် အထောက်အထားများဖြင့် ထိုင်းအာဏာပိုင်းများက ထိုင်းနိုင်ငံ၏ဥပဒေအရ အရေးယူရန် ပြီးခဲ့သည့် ဇူလိုင်လ (၂၈)ရက်နေ့က ဖမ်းဝရမ်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ထို့အတူ ဥရောပသမဂ္ဂ(EU) ကလည်း စောမုတ်သုန်အပါအဝင် BGF/KNA ခေါင်းဆောင် ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူး စောတင်ဝင်းနှင့် BGF ပိုင် ကုမ္ပဏီအချို့ကို အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)၊ မူးယစ်ဆေး၊ လူကုန်ကူးမှု စသည့် ထိုင်း-မြန်မာနယ်စပ်က တရားမဝင်အမှုများဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာတွင် ဒဏ်ခတ်ပိတ်ဆို့မှုရှိခဲ့သည်။


















