Home သတင်း ကျိုက်ထိုစစ်အုပ်စု လက်နက်ကြီးပစ်၍ ညောင်ထောက်ရွာက အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ် ပွဲချင်းပြီးသေဆုံး

ကျိုက်ထိုစစ်အုပ်စု လက်နက်ကြီးပစ်၍ ညောင်ထောက်ရွာက အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ် ပွဲချင်းပြီးသေဆုံး

15
Photo: CJ

စက်တင်ဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ရွာသို့ ယမန်နေ့ စက်တင်ဘာ(၆)ရက်နေ့ ညနေပိုင်းက ကျိုက်ထိုမြို့အခြေစိုက် စစ်အုပ်စု တပ်မ(၄၄)မှ လက်နက်ကြီးပစ်ခတ်သဖြင့် အသက်(၁၀)နှစ်အရွယ် ရွာခံမိန်းကလေးငယ်(၁)ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်မှ ယမန်နေ့၊ ညနေ (၅)နာရီဝန်းကျင်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး(၂)လုံးမှာ အလူးအုပ်စု၊ ညောင်ထောက်ရွာ၊ ကွက်သစ်ပိုင်း၊ တံတားသစ်နေရာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကျည်စများထိမှန်၍ အဆိုပါမိန်းကလေးငယ်‌ သေဆုံးခဲ့ခြင်းဖြစ်သည်။

“လက်နက်ကြီးပထမတစ်လုံးကျတော့ အဲ့ဒီကလေးမလေးက သူ့အမေနောက်လိုက်ပြေးရင်းနဲ့ တစ်နေရာမှာ သွားဝပ်နေတာ။ အဲ့အချိန်မှာပဲ နောက်တစ်လုံးထပ်ကျတယ် ကျတဲ့အစကနေပဲ ထိတော့ အဲဒီကလေးမလေး ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် သေဆုံးသူ မိန်းကလေးငယ်၏ မိခင်၊ အသက်(၄၆)နှစ်အရွယ် အမျိုးသမီးသည်လည်း လက်နက်ကြီးကျည်စများထိမှန်ပြီး စိုးရိမ်ရသည့်ဒဏ်ရာ အခြေအနေဖြစ်သည်ဟု ဒေသခံများအပြင် ကေအဲန်ယူ-သထုံခရိုင်ထံမှ သိရသည်။

စစ်အုပ်စု၏တပ်မ(၄၄)အပြင် နယ်မြေထဲရှိ တပ်ရင်း၊ တပ်စခန်းများသည် ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေ၊ အရပ်သားနေထိုင်ရာကျေးရွာများကို မကြာခဏဆိုသလို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပြီး ယမန်နေ့ကဖြစ်စဥ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညောင်ထောက်ရွာကို လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ(၁၉)ရက်နေ့ကလည်း သိမ်ဇရပ်မြို့အခြေစိုက် စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့၍ ကျိုက်ထို၊ ဇီးပြောင်း(၅) မူလတန်းကျောင်း၊ ဘောလုံးကွင်းနေရာသို့ကျရောက် ပေါက်ကွဲပြီး ကလေးငယ်(၁)ဦးအပါအဝင် (၁၁)ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်။

Photo: KNU, CJ