Home သတင်း ကေအဲန်ယူ အရပ်ဘက်နှင့်တပ်ဘက် သင်တန်းသူ/သား (၅၁) ဦး တက်ရောက်သည့် ICT နှင့် Digital Skills သင်တန်း ပြီးစီး

ကေအဲန်ယူ အရပ်ဘက်နှင့်တပ်ဘက် သင်တန်းသူ/သား (၅၁) ဦး တက်ရောက်သည့် ICT နှင့် Digital Skills သင်တန်း ပြီးစီး

20
Photo: KNU

စက်တင်ဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဗဟိုနှင့်ခရိုင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲဘက်နှင့်တပ်ဘက် အဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ(၅၁)ဦး တက်ရောက်သည့် ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်း အသိပညာများ မြှင့်တင်ရေး ICT Development Training Course သင်တန်းပြီးစီးကြောင်း စက်တင်ဘာလ (၆) ရက်နေ့တွင် ကေအဲန်ယူမှ ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သည့်အဆိုပါ သင်တန်းကို ကေအဲန်ယူထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲနှင့်တပ်ဘက်မှ တပ်ဖွဲ့ဝင် အမျိုးသမီး (၁၇) ဦး၊ အမျိုးသား (၃၄) ဦး၊ စုစုပေါင်း (၅၁) ဦး ပါဝင်သည်။

သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ “ကွန်ပျူတာနဲ့ ဒစ်ဂျစ်တယ်နည်းပညာ အခြေခံကနေ အဆင့်မြင့် AI(ဉာဏ်ရည်တု နည်းပညာ)၊ Cybersecurity(ဆိုက်ဘာလုံခြုံရေး)၊ Digital Forensics(ဒီဂျစ်တယ်မှုခင်း စုံစမ်းစစ်ဆေးရေး) နဲ့ Data Management (ဒေတာ စီမံခန့်ခွဲမှု)ဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်လာစေဖို့နဲ့ လုပ်ငန်းခွင်မှာ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် သင်တန်းတွင် လုပ်ငန်းခွင်အတွင်း လိုအပ်သည့် ကွန်ပျူတာနှင့် ဒီဂျစ်တယ် စက်ကိရိယာများ အသုံးပြုမှု၊ မိုက်ခရိုဆော့ဖ်၊ ဂူဂယ်လ်၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး၊ Cloud စီမံခန့်ခွဲရေး၊ လုံခြုံစွာ အင်တာနက် အသုံးပြုခြင်း၊ VPN စသည့် ဘာသာရပ်များကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းပြီးဆုံးပြီးနောက်ရရှိလာသည့် အသိပညာနှင့် လက်တွေ့ ပေါင်းစပ်အသုံးပြုနည်းမှတဆင့် သင်တန်းသားများ၏ နည်းပညာနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိအမြင်များ ပိုမိုမြင့်မားလာပြီး လုပ်ငန်းခွင်အထိ အသုံးချနိုင်ရေးအတွက် မျှော်မှန်းကြောင်းလည်း သင်တန်းဖြစ်မြောက်ရေး တာဝန်ရှိသူများက ဆိုသည်။

မြန်မာပြည်တောင်ပိုင်းဒေသတွင် တပ်မဟာ၊ ခရိုင်(၇)ခုပိုင်းခြား၍ နယ်မြေစိုးမိုးထားသော ကေအဲန်ယူ သည် စစ်တပ်အာဏာသိမ်းထားသည့်ကာလတစ်လျှောက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ရေးဖော်ဆောင်နေသလို တဖက်တွင်လည်း ဒေသတွင်း အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုကောင်းမွန်လာရေး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသည်။

အဖွဲ့အစည်း၏ အခြေခံလမ်းစဉ်၊ နိုင်ငံရေးလုပ်ငန်းစဉ်၊ ခေါင်းဆောင်မှုနှင့် ပြည်သူ့စီမံခန့်ခွဲရေးလုပ်ငန်းများကို အောက်ခြေရှိ မြို့နယ်၊ ကျေးရွာတာဝန်ရှိသူများ နားလည်သဘောပေါက်ရန် အုပ်ချုပ်ရေးသင်တန်းများ ပေးခြင်းရှိသလို လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သင်တန်းများကိုလည်း အမြောက်အမြားဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း ကေအဲန်ယူထံမှ သိရသည်။