Home သတင်း BGF တပ်နယ်(၄) ခေါင်းဆောင် ဗိုလ်မှူးစောမုတ်သုန်ကို လူကုန်ကူးမှုဖြင့် ထိုင်းအာဏာပိုင်များ ဖမ်းဝရမ်းထုတ်

BGF တပ်နယ်(၄) ခေါင်းဆောင် ဗိုလ်မှူးစောမုတ်သုန်ကို လူကုန်ကူးမှုဖြင့် ထိုင်းအာဏာပိုင်များ ဖမ်းဝရမ်းထုတ်

345

ဇူလိုင် ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် အမှတ် (၄) တပ်နယ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး စောမုတ်သုန်ကို ထိုင်းအာဏာပိုင်များက နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုရာဇဝတ်မှု ကျူးလွန်သူအဖြစ် ဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်း ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းက ထွက်ပေါ်လာသည့် ဖမ်းဝရမ်း စာရွက်စာတမ်းများအရ သိရသည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ပြန်ချက်အရ စောအယ်မုတ်သုန် (ခ) စောမုတ်သုန် (အသက် ၅၀ ခန့်၊ မြန်မာနိုင်ငံသား) သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုရာဇဝတ်မှု ကျူးလွန်ကြောင်း ယုံကြည်လောက်သည့် အထောက်အထားများ ရရှိထားသဖြင့် ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်ရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်နေမှုအပေါ် မြဝတီမြို့ရှိ BGF တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်း အရင်းအမြစ်က “ဒီမနက် ဗိုလ်မုတ်သုန်ကို ထိုင်းဘက်က ဖမ်းဝရမ်းထုတ်တဲ့သတင်း တွေ့တယ်။ BGF ကလူတွေကတော့ အဖိုးဝရမ်းထုတ်ခံရတာ ဟုတ်တယ်လို့ ပြောကြတယ်။ သူ့ရဲ့ကရင်စာပေဂိတ်တို့၊ သဲပုံဂိတ်တို့မှာ တရုတ်ကျားဖြန့်တွေ ရှိနေတာက မျက်မြင်ပဲလေ၊ ကာစီနိုတွေ၊ နိုက်ကလပ်တွေ၊ ကာရာအိုကေခန်းတွေ လက်ရှိ လုပ်နေတာပဲ” ဟု ပြောဆိုသည်။

ထို့အတူ ကေအိုင်စီ – ကရင်သတင်းဌာန ရရှိထားသည့် ခိုင်မာသော သတင်းအရင်းအမြစ်အရ အဆိုပါ ဖမ်းဝရမ်းစာမှာ မှန်ကန်ကြောင်းနှင့် ညွှန်ကြားချက်စာလည်း ၎င်းတို့ထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အတည်ပြု ပြောသည်။

Photo: CJ

လတ်တလောတွင် BGF တပ်နယ် (၄) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်သည် စစ်တပ်လက်အောက်မှ ခွဲထွက်ခဲ့သော ဗိုလ်မှူးကြီးစောချစ်သူ၏ ကရင်အမျိုးသားတပ်မတော်(KNA ) ကဲ့သို့ သီးခြားရပ်တည်ခြင်း မရှိဘဲ စစ်အုပ်စုနှင့် ပူးပေါင်းကာ စစ်တပ်၏ စစ်ဆင်ရေးစစ်ကြောင်းများတွင် အင်အားဖြည့်တင်း ပါဝင်တိုက်ခိုက်နေသည့် ကရင်စစ်ရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ကော့ကရိတ်နှင့် မြဝတီ နယ်စပ်တကြောတွင် အဓိက အခြေချလှုပ်ရှားသည့် BGF အမှတ် ၄ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်သည် နိုင်ငံတကာ၏ လူ့အခွင့်အရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု (Sanctions) စာရင်းတွင် တိုက်ရိုက် အမည်ပျက်စာရင်း ထည့်သွင်းခံထားရခြင်း မရှိသေးသူဖြစ်ကြောင်း သိရှိရသည်။

သို့သော် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ဘက်မှ ဦးဆောင်ကာ စောချစ်သူ၊ စောမုတ်သုန်နှင့် စောတင်ဝင်းတို့အပါအဝင် ၎င်းတို့ နှင့်ဆက်နွယ်သည့် ထိပ်ပိုင်းအင်အားစုများအား လူကုန်ကူးမှုနှင့်စပ်လျဉ်းပြီး တရားစွဲဆိုရန် ပြင်ဆင်ခဲ့သေးသည်ဟု ထိုင်းမီဒီယာများက ဖော်ပြခဲ့ဖူးသည်။