Home သတင်း ဧရာဝတီမြစ်ဝကျွန်းပေါ် စစ်ရှောင်များအတွက် မဲဆောက်တွင် ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကျင်းပမည်

ဧရာဝတီမြစ်ဝကျွန်းပေါ် စစ်ရှောင်များအတွက် မဲဆောက်တွင် ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကျင်းပမည်

283
Photo: Thunder Karen FC

ဇူလိုင် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ “Kick For Htee Htar Sway” အမည်ရှိ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်၌ လာမည့် ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီအခြေစိုက် ကရင်လူငယ်များ ဦးဆောင်ပြီး မဲဆောက်မြို့၊ မယ်ပရပ်ကွက်ရှိ ASP ဖူဆယ်ကွင်းတွင် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်သွားမည့် အဆိုပါဘောလုံးပြိုင်ပွဲကို သြဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် ကရင်အာဇာနည်နေ့ အထိမ်းအမှတ်ဖြစ်စေရန်လည်း ရည်ရွယ်သည်ဟု ပွဲဦးဆောင်သူများက ဆိုသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ စစ်ရှောင်(၅,၀၀၀)ထက်မနည်း၏ မိုးရာသီကာလ ရေကြီးရေလျှံမှုနှင့် သွားလာရေး အခက်အခဲများကြောင့် စားသောက်ကုန်၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ် လိုအပ်ချက်ရှိနေသည့်အပေါ် ရန်ပုံငွေရှာ ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေး အရင်းခံလာ‌ကြောင်းလည်း သိရသည်။

“စိုးရိမ်ရတဲ့ အခြေအနေကတော့ ဒီရေကြီးရေလျှံမှုနဲ့ သဘာဝဘေးပေါ့နော်။ နေထိုင်ဖို့ မလုံခြုံတာ၊ သွားလာရ ခက်ခဲလို့ ဆေးဝါးနဲ့ စားသောက်ကုန် လိုအပ်ချက်တွေ ပိုများလာတယ်။ ဒါ့အပြင် သုံး၊လေးနှစ်ကာလအတွင်း ပညာမသင်ရတဲ့ ကလေးတွေလည်း အများကြီးရှိတာမို့ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေက စိုးရိမ်စရာ ဖြစ်နေတယ်” ဟု ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူ ထီးတာ က ပြောသည်။

အထူးသဖြင့် ရေကြည်၊ ငါးသိုင်းချောင်းနှင့် သာပေါင်း ဒေသဘက်တွင် စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားနေပြီး အခြေခံလိုအပ်ချက်များလည်း မြင့်တက်လျက်ရှိသည်။

ယင်းကြောင့် ယခုလှုပ်ရှားမှုမှ ရရှိလာမည့်ရန်ပုံငွေများကို အမှန်တကယ် အကူအညီလိုအပ်နေသည့် ဒေသများသို့ ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ထို့အပြင် တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ ပြည်သူများ၏ စိတ်အားထက်သန်မှုနှင့် ပါဝင်မှု နည်းပါးလာမှုကြောင့် လက်ရှိတွင် ပြိုင်ပွဲဝင် အမျိုးသား၊ အမျိုးသမီး အသင်းအရေအတွက် နည်းပါးနေသေးကြောင်းလည်း ပွဲဖြစ်မြောက်ရေးအဖွဲ့က အသိပေးသွားသည်။

ထို့ကြောင့် မတူညီသည့် အသိုင်းအဝိုင်းများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုများအနေဖြင့်လည်း ဧရာဝတီစစ်ရှောင်များအတွက် ဝိုင်းဝန်းပါဝင်ပံ့ပိုးကြရန် ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူများက တိုက်တွန်းနေခြင်းရှိသည်။