ဇူလိုင် ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲပြင်းထန်နေသည့် ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် လေးကေကော်၊ ရဲကုန်းဒေသအတွင်းမှ စစ်အုပ်စုတပ်ဖွဲ့ဝင် ၂ ဦးသည် ယမန်နေ့ ဇူလိုင်လ ၂၈ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံ အလံဖြူထောင် လက်နက်ချခဲ့သည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၅၇) မှ အဆိုပါ စစ်အုပ်စုတပ်သား ၂ ဦးသည် လက်နက် ၃ လက်နှင့် ခဲယမ်းမီးကျောက်အချို့နှင့်အတူ KNLA တပ်ရင်း ၂၇ ထံ လာရောက်လက်နက်ချခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းရှိ တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ခုက ပြောသည်။
ထိုသတင်းအရင်းအမြစ်က “အလင်းဝင်လာသူပြောပုံအရ အထိနာပြီး ရှေ့မတိုးနိုင်ဘူး။ ဘယ်တပ်ရင်းမှ ရှေ့မတိုးချင်ကြတော့ဘူး။ တပ်ဖွဲ့စည်းပုံပျက်သွားပြီ။ သူတို့အလောင်းတောင် ပြန်မသယ်နိုင်ဘူး။ ဒီအတိုင်းပဲ ထားခဲ့ကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လက်နက်ချလာသည့် စစ်အုပ်စုတပ်သား ၂ ဦးကို KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမူးဂေက ဆုငွေများ ချီးမြှင့်ပေးခဲ့သည်ဟုလည်း ၎င်းသတင်းအမြစ်ပြောဆိုချက်နှင့် ထုတ်ပြန်ထားသည့် ဓါတ်ပုံတွင် တွေ့ရှိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း လေးကေကော်တိုက်ပွဲဖြစ်စဉ်မှ စစ်အုပ်စုတပ်ဖွဲ့ဝင် ၆ ဦး သည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ လာရောက်လက်နက်ချခဲ့သေးသည်ဟု ဇူလိုင်လ ၂၆ရက်နေ့တွင် ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားသည်။
လက်ရှိ မြဝတီတောင်ဘက်တွင် ထိုးစစ်ဆင်လာသော စစ်အုပ်စုတပ်၊ (DKBA) ဗိုလ်ဘိအဖွဲ့၊ ဗိုလ်မုတ်သုန်၏ နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၄ တပ်ဖွဲ့နှင့် KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။



















