Home သတင်း ကရင်နှင့်ကရင်နီဦးဆောင်ပြီး စစ်ဘေးရှောင်များထံ အကူအညီ ပိုမိုရောက်ရှိနိုင်ရေး ပလက်ဖောင်း စတင်မိတ်ဆက်

ကရင်နှင့်ကရင်နီဦးဆောင်ပြီး စစ်ဘေးရှောင်များထံ အကူအညီ ပိုမိုရောက်ရှိနိုင်ရေး ပလက်ဖောင်း စတင်မိတ်ဆက်

302
Photo: AFP & FBR

ဇူလိုင် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေ (ကရင်) နှင့် ကရင်နီဒေသအပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုထိရောက်စွာ ရောက်ရှိနိုင်ရေးအတွက် Southeast Myanmar Humanitarian Coordination Platform ကို ဇူလိုင်လ (၂၇ )ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

ကော်သူးလေနှင့် ကရင်နီနယ်စပ်ရေးရာကော်မတီ (K2 BAC) က ဦးဆောင်ကာ အဆိုပါ ပလက်ဖောင်းကို အွန်လိုင်းမှတဆင့် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံလူမှုအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်သည်ဟု ‌ဆိုသည်။

“မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဖြစ်သလို လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ချက်တွေနဲ့အညီ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမယ့် ပလက်ဖောင်းလည်း ဖြစ်ပါတယ်။ မကြာခင်မှာလည်း လိုအပ်တဲ့ အကူအညီပေးရေးအတွက် အကောင်အထည်ဖော်သွားမှာပါ” ဟု ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ-IEC ၏ အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။

၎င်းမှတစ်ဆင့် အကူအညီပေးရေးအဖွဲ့အစည်းများအကြား ပုံမှန်ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်းနှင့်၊ စစ်ဘေးရှောင်များ၏ လိုအပ်ချက်၊ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းတို့ လုပ်ဆောင်သွားမည် ဖြစ်သည်။

Photo: AFP & FBR

ထို့အတူ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးလုပ်ငန်းများ မြှင့်တင်ခြင်းနှင့် ဝေးလံခေါင်သီသည့် ဒေသများအထိ အကူအညီများ ရောက်ရှိနိုင်ရေးအတွက် လမ်းကြောင်းများ ဖော်ဆောင်သွားမည် ဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။

ကေအဲန်ယူ၏ ပြည်ထဲရေးနှင့် သာသနာရေးဌာနမှ ပဒိုစောကနယ်ဖောက “လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဟာ ရည်ရွယ်ထားတဲ့ လူမှုအသိုက်အဝန်းတွေဆီ အမှန်တကယ်ရောက်ရှိစေဖို့ ထိရောက်တဲ့ ညှိနှိုင်းမှုနဲ့ စောင့်ကြည့်မှုတွေ လိုအပ်ပါတယ် ဟု မိတ်ဆက်ပွဲတွင် ပြောသည်။

မြန်မာနိုင်ငံအတွင်း စစ်ပဋိပက္ခများကြောင့် လက်ရှိတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) ၄ သန်းနီးပါးနှင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသူ ၁ ဒသမ ၅ သန်းခန့်ရှိနေသည်။ ယင်းတို့အနက် သုံးပုံတစ်ပုံခန့်မှာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိသည်။

K2 BAC ၏ ထုတ်ပြန်ချက်အရ အဆိုပါပလက်ဖောင်း အား ကော်သူးလေနှင့် ကရင်နီဒေသများကို အခြေပြု စတင်ဖွဲ့စည်းထားပြီး အနာဂတ်တွင် ရှမ်း၊ မွန်နှင့် တနင်္သာရီဒေသများအထိ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။