မေ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တရုတ်တောင်ပိုင်းဒေသ၊ ဟူနန်ပြည်နယ်ရှိ မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် လူ (၃၇) ဦးသေဆုံးပြီး (၅၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်သတင်းဌာန Xinhua က မေလ(၈)ရက်နေ့တွင် ဖော်ပြသည်။
မေလ (၄)ရက်နေ့၊ ညနေ ၄ နာရီ ၄၀ မိနစ်က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဥ်အတွင်း သေဆုံးသူအရေအတွက် ၂၇ ဦးမှ ၃၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း ဖြစ်စဥ်များနှင့် နှိုင်းယှဥ်လျှင် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။
ဟူနန်ပြည်နယ်ရှိ အဆိုပါ မီးရှုးမီးပန်းစက်ရုံသည် တရုတ်ပြည်အတွင်း အသုံးပြုနေသော မီးရှုးမီးပန်းပမာဏ၏ ၆၀ ရာခိုင်နှုန်းအထိကို ဖြည့်တင်းပေးနေခြင်းလည်း ဖြစ်သည်။
ဖြစ်စဥ်ဖြစ်ပွားသောနေရာသို့ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာမှုများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသော်လည်း (၁) ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ ထို့အပြင် ပေါက်ကွဲမှုကြောင့် ထိခိုက်သူ (၅၁) ဦးအား ဆေးကုသမှုပေးနေကြောင်း မူရင်းသတင်းက ဖော်ပြထားသည်။
တရုတ်နိုင်ငံပိုင် မီဒီယာဖြစ်သော Xinhua သတင်းဌာန၏ အစီရင်ခံမှုအရ လူသေဆုံးမှုဖြစ်ပေါ်စေသော ပေါက်ကွဲဖြစ်စဥ်နှင့် ပတ်သက်သူ သံသဃရှိသူ (၈) ဦးကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေသည်ဟုလည်း သိရသည်။
လတ်တလောတွင် အဆိုပါစက်ရုံ လည်ပတ်မှုများအားလုံးရပ်ဆိုင်းထားပြီး လုံခြုံရေးအတိုင်းအတာများကို စစ်ဆေးနေသလို ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှုကိုလည်း တရုတ်နိုင်ငံ၏ အမြင့်ဆုံးအစိုးရရှေ့နေများက ကိုင်တွယ်နေသည်။
ဟူနန်ပြည်နယ်ရှိ မီးရှုးမီးပန်းစက်ရုံတစ်ခုတွင် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ (၉) ဦးအထိ သေဆုံးခြင်းရှိခဲ့သည်။
အလားတူ ၂၀၁၉ ခုနှစ်တွင်လည်း တရုတ်နိုင်ငံ အရှေ့ပိုင်းခရိုင် ဂျန်းဆူရှိ မီးပန်းစက်ရုံပေါက်ကွဲဖြစ်ပွားခဲ့ပြီး လူ (၇၈) ဦး အသက်ဆုံးရှုံးခဲ့ရဖူးသည်။



















