Home သတင်း ဖားအံတွင် ရေဆက်လက်မြင့်တက်ပြီး ဒေသခံ ၂ ဦး သေဆုံးခဲ့

ဖားအံတွင် ရေဆက်လက်မြင့်တက်ပြီး ဒေသခံ ၂ ဦး သေဆုံးခဲ့

778

သြဂုတ် ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်ရပ်ကွက်များနှင့် သံလွင်မြစ်ကမ်းဘေးနေရာများတွင် ယမန်နေ့အချိန်ထိ မြစ်ရေ ဆက်လက်မြင့်တက်လျက်ရှိရာ ရေကြီးရေလျှံမှုကြောင့် ဒေသခံ အမျိုးသား ၂ ဦးသေဆုံးမှုရှိခဲ့သည်ဟု မြို့ခံ ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဇူလိုင်လ ၂၆ ရက်နှင့် ၃၁ ရက်နေ့က ရေကြီး‌မှုအတွင်း ဖားအံမြို့တွင်းနှင့် မြို့ပြင်နေရာများတွင် လှေဖြင့် ဖြတ် သန်းသွားလာသူ အသက် ၂၀ မှ ၃၀ ဝန်းကျင်ရှိ အမျိုးသားနှစ်ဦးလှေမှောက်သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုမူ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း ဖားအံမြို့တွင်း မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

“လက်ရှိ သေဆုံးမှုက ၂ ဦးပေါ့နော်။ လှေမှောက်ရင်းနဲ့ ဖြစ်သွားကြတာ။ ဖြစ်တာက မင်ဇီနဲ့ ပေါ့ထော်ရွာ ဘက်နေရာနဲ့ ဖားအံ ရေပေါ်စျေးအနောက်ဘက်ခြမ်း နေရာမှာပါ။ အလောင်းက တစ်ယောက်ပဲရသေးတယ်။ တစ်ယောက်က ရှာနေတုန်းပဲ ပြန်မတွေ့သေးဘူး။ ရေစီးသန်ပြီး ရေနက်ပိုင်းနေရာလည်းဖြစ်တော့ ရှာဖွေရေးလုပ်ရတာ အခက်အခဲ ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်ထိ ဖားအံမြို့နှင့် အခြားမြို့ရွာ ကျေးရွာများအား ဆက်သွယ်သည့်လမ်းပိုင်းများ ရေပြန်လည်ကျဆင်းမှုရှိသော်လည်း ကားကြီးများသာသွားလာ၍ရပြီး အိမ်စီးကားများ၊ တချို့နေရာ၌ ဆိုင်ကယ်များဖြင့် သွားလာ၍ မရသေးကြာင်း၊ လူနှင့်အစားအသောက်ဖြန့်ဝေမှုကို လှေဖြင့်သာသွားလာကူညီနေရကြောင်း ရေကြီးရေလွှမ်းနေသည့်အခြေအနေကို ၎င်းကယ်ဆယ်ရေးအဖွဲ့ဝင်က ဖြည့်စွက်ပြောသည်။

ဖားအံ အမှတ် ၄ ရပ်ကွက်နေ မြို့ခံတစ်ဦးက “ မိုးမရွာတော့ပေမယ့် ရေက တန့်ပြီး တရက် နည်းနည်းစီ တက်‌နေတာ ခုထိ မကျသေးဘူး။ အိမ်အောက်ထပ်နဲ့ အိမ်ရှေ့နေရာတွေမှာ ‌ရေအပြည့်ရှိနေတုန်းပဲ။ ဆိုင်ကယ်နဲ့‌တောင် ဖြတ်လို့ မရဘူး” ဟု ၎င်းက ပြောသည်။

၎င်းအပြင် မြို့မ‌ဈေးရှိ ‌ဈေးသည်များမှာ ‌မြေမြင့်ပိုင်းရှိရာ မြို့ကားလမ်းမ‌ပေါ်ဘက်ကို ‌ပြောင်း‌ရွှေ့ရကာ ‌ရေနက်သည့်‌နေရာများတွင် ‌လှေဖြင့် သွားလာ‌နေရသည်ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

ယနေ့ နံနနက်ပိုင်း တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၉၂၇ စင်တီမီတာရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ပေ၁ဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်ထက် ဆက်လက်တည်ရှိနိုင်ကြောင်းလည်း စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့ကြောင့် ဖားအံမြို့ပေါ်မှရေဘေးသင့်ပြည်သူများအား ဖွင့်လှစ်ထားသော ရေဘေးကယ် ဆယ်ရေး စခန်းများ တွင်သာ ဆက်လက်ထားရှိ၍ နေအိမ်မပြန်ခိုင်းသေးသလို ၎င်းတို့၏ စားနပ်ရိက္ခာအတွက်ကိုလည်း လူမှုကူညီရေး အဖွဲ့များ၊ ပြင်ပအလှူရှင်များက ကူညီထောက်ပံ့ပေးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

သံလွင်မြစ်ရေ မြင့်တက်မှုကြောင့်‌ ဖားအံမြို့ပေါ်သာမက မြို့နယ်အတွင်းရှိ သံလွင်မြစ်ကမ်းတစ်လျှောက်မှ ကျေးရွာများတွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရပြီး ရေဘေးသင့်ပြည်သူ သောင်းနှင့်ချီ ရှိပြီး ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၂၄)ခု ဖွင့်လှစ်ထားရသည်ဟု မြို့ခံသတင်းအရင်းအမြစ်တို့က ဆိုသည်။

ပြီးခဲ့သည့် နှစ်တွင်လည်း ဖားအံမြို့ပေါ်ရပ်ကွက်များ၌ သံလွင်မြစ်ရေလျှံတက်၍ ရေဖုံးလွှမ်းမှု ဖြစ်ပွားမှုကြောင့် အသက်(၁၄)နှစ်အရွယ် ကလေးငယ်(၁)ဦးနှင့် အမျိုးသား(၁) ဦး ရေစီးကြောင်းထဲ မျှောပါသေဆုံးခဲ့သေးသည်။