Home သတင်း တောင်ငူ ရေဘေးကယ်ဆယ်ရေးစခန်းများ လူပြည့်နှက်နေ၊ စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့

တောင်ငူ ရေဘေးကယ်ဆယ်ရေးစခန်းများ လူပြည့်နှက်နေ၊ စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့

640
Photo: Social Media

ဩဂုတ် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ရေဘေးသင့်ပြည်သူများအတွက် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၂၄ ခုစလုံး၌ လူဦးရေ ပြည့်နှက်မှုကြောင့် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအတွက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း ဒေသခံကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

တောင်ငူမြို့အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် အမှတ် ၁၊ ၈၊ ၉၊ ၁၀ ရပ်ကွက်များနှင့် မြစ်အနီးကျေးရွာများတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေပြီး ယခုအခါတွင် ယာယီ စခန်း ၃၂ ခု ဖွင့်လှစ်ထားရကာ လူပေါင်း ၃,၀၀၀ ကျော်သည် ရေဘေးဒဏ်ခံနေရခြင်း ဖြစ်သည်။

ဒေသခံများထဲမှ တချို့သည် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ကျောင်းများနှင့် ရေလွတ်နေရာများတွင် ခိုလှုံ နေရပြီး စားသောက်ရေးအတွက်လည်း အလှူခံကူညီမှုလိုအပ်နေကြောင်း မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူသမားများက ပြောသည်။

T Rescue လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “လူပေါင်း ၃,၀၀၀ ကျော်ရှိတဲ့အတွက် စခန်းတိုင်းမှာ လူပြည့်နေတယ်။ အလှူရှင်တွေကတော့ နည်းလာပြီ။ တချို့မိသားစုတွေက ဘုရား ဆောင်တန်းမှာတောင် ဆင်းအိပ်နေရတယ်။ စားဝတ်နေရေးအတွက် လိုအပ်ချက်များနေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဇူလိုင်လ ဒုတိယပတ်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နေသည့်အပြင် သောက်ရေခပ်ဆည်မှ ရေပိုလွှဲမှုကြောင့် စစ်တောင်းမြစ်အတွင်း ရေဝင်မှု ပိုမိုဆိုးရွားလာသည့်အတွက် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာခဲ့ကြောင်း ၎င်းကယ်ဆယ်ရေးအဖွဲ့ဝင်က ဆက်ပြောသည်။

စစ်တောင်းမြစ် အရှေ့ဘက်မှ နေထိုင်သူ ရေဘေးရှောင်အမျိုးသမီးတစ်ဦးကလည်း “မိုးဆက် ရွာနေတယ်၊ ဆည်ကလည်း ရေလွှတ်နေတယ်။ လူအများနဲ့နေရတာ ခက်ခဲတယ်။ စားဖို့ သောက်ဖို့လည်း တခါတလေ ချက်ပြုတ်စားရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့အထိ တောင်ငူ၊ ထန်းတပင်နှင့် အုတ်တွင်းမြို့နယ်များတွင် ရေကြီးမှုကြောင့် အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း၊ သောက်သုံးရေနှင့် စားစရာ ပြတ်လပ်မှုများလည်း ကြုံတွေ့ခဲ့ရ ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မိုးလေဝသဌာနဖော်ပြချက်အရ ယမန်နေ့အထိ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၆၅၁ စင်တီမီ တာဖြင့် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေသော်လည်း လာမည့်ရက်ပိုင်းအတွင်း မြစ်ရေကျဆင်းနိုင်ဖွယ်ရာရှိသည်ဟု ခန့်မှန်းထားသည်။

အလားတူ၊ ကရင်ပြည်နယ်ရှိ ဖားအံနှင့် လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကမမောင်း တို့အပါအဝင် သံလွင် မြစ်အနီး ဝန်းကျင် ကျေးရွာအချို့တွင်လည်းရေကြီး ရေလွှမ်းမှု ဖြစ်ပွားနေပြီး ရေဘေးရှောင် နေရသူများလည်း ရှိကြောင်း သိရသည်။