Home သတင်း ကရင်အပါအဝင် ပြည်နယ်နှင့်တိုင်း(၉)ခုမှာ ရက်ကိုးဆယ်စစ်အုပ်ချုပ်ရေး စစ်ကောင်စီကြေညာ

ကရင်အပါအဝင် ပြည်နယ်နှင့်တိုင်း(၉)ခုမှာ ရက်ကိုးဆယ်စစ်အုပ်ချုပ်ရေး စစ်ကောင်စီကြေညာ

388
Photo: Internet

ဩဂုတ် ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အပါအဝင် ပြည်နယ်နှင့်တိုင်း(၉)ခုကို ရက်ပေါင်းကိုးဆယ်အတွင်း အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်သည့်စစ်အုပ်ချုပ်ရေးအား စစ်ကောင်စီက ကြေညာထားသည်။

ဇူလိုင်လ (၃၁) ရက်နေ့စွဲဖြင့် အဆိုပါကြေညာချက်အရ ကရင်၊ ကချင်၊ ရှမ်း၊ ကယား(ကရင်နီ)၊ ရခိုင်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့မှ မြို့နယ်ပေါင်း(၆၃)ခုအား သက်ဆိုင်ရာ စစ်တိုင်းမှူးများအား လုပ်ပိုင်ခွင့်အပြည့်အဝပေး အုပ်ချုပ်စေခြင်းလည်းဖြစ်သည်။

ယာယီသမ္မတနေရာကို ယူထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တိုင်းမှူးများကို မြို့နယ်(၆၃)ခု၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ပိုင်ခွင့်များပေးထားခြင်းဖြစ်ပြီး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်စီရင်နိုင်ခွင့်အထိ အာဏာပေးထားသည်။

“မင်းအောင်လှိုင်က အပြတ်လုပ်ခိုင်းတာပဲ။ မင်းတို့သဘော မင်းတို့တာဝန်ခံရမယ်ဆိုတဲ့သဘောနဲ့ အမိန့်အပြတ်ပေးတာလို့ ယူဆတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုကာကွယ်ရမယ်ဆိုပြီး သူတို့ပဲချိုး ဖောက်ထား တာ။ ဒါကြောင့် ဒီအခင်းအကျင်းကိုလုပ်တာပဲ။ ပြောရရင်တော့ သူ့ရဲ့ဘယ်ဘက်လက်ထဲက အခက်အခဲ ကို ညာဘက်လက်ထဲပြောင်းကိုင်တာပါ။”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ မောင်ကျော်စွာက သုံးသပ်သည်။

ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးအပါအဝင် စစ်အုပ်ချုပ်ရေးထဲပါဝင်သည့် မြို့နယ်အများစုမှာ စစ်ကောင်စီထိန်းချုပ်မှုအားနည်းသည့် မြို့နယ်များဖြစ်သလို အများအားဖြင့် စစ်ကောင်စီ၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုပြင်းထန်သည့် မြို့နယ်များလည်းဖြစ်သည်။

စစ်ကောင်စီ၏ကြေညာချက်တွင် စစ်အုပ်ချုပ်ရေးထဲပါဝင်သော ပြည်နယ်နှင့်တိုင်းများကို ထိရောက်စွာ ကိုင်တွယ်မည်ဟု ဆိုထားသဖြင့် ယခင်ကထက် စစ်ကောင်စီ၏တိုက်ခိုက်မှုများ ပိုမိုပြင်းထန် လာနိုင်ကြောင်း လေ့လာသူနှင့်တော်လှန်ရေးအင်အားစုများမှ ခန့်မှန်းနေကြသည်။

မောင်ကျော်စွာကလည်း “သူဘယ်လိုမှမထိန်းချုပ်နိုင်တဲ့နေရာတွေပေါ့၊ မြို့နယ်ပေါင်း ၆၃ ခုမှာ ကြမ်းမယ်ရမ်းမယ်ဆိုရင်တော့ ပွဲကပိုဆိုးလာဖို့ပဲရှိတယ်။” ဟု ဖြည့်စွက်သုံးသပ်ထားသည်။

ဒီဇင်ဘာလတွင် စတင်ပြုလုပ်တော့မည့် ရွေးကောက်ပွဲနီးကပ်လာချိန်တွင် စစ်တပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖျက်သိမ်းပြီး တပ်အသိုင်းအဝိုင်းသာပါသည့် နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကောင်စီအဖြစ် စစ်ကော်မရှင်တစ်ရပ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ကော်မရှင်တွင် ယာယီသမ္မတ မင်းအောင်လှိုင်က ဥက္က|တာဝန်ယူပြီး ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုလည်း ဆက်လက်ထိန်းသိမ်းထားသည်။ နစက မဖျက်သိမ်းခင်က ၎င်းယူထားသည့်ဝန်ကြီးချုပ်တာဝန်ကိုမူ အရပ်ဝတ်လဲထားသူ စစ်ဗိုလ်ချုပ်ညိုစောမှ လွှဲပြောင်းရယူမည်ဖြစ်သော်လည်း အဓိကျသည့်အာဏာအားလုံးမှာ မင်းအောင်လှိုင်လက်ထဲတွင်သာ ဖြစ်သည်။

လွှတ်တော်ဖွဲ့စည်းပြီး သမ္မတအသစ်တင်မြှောက်နိုင်သည့် ရွေးကောက်ပွဲကိုလည်း မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ထက်ဝက်ကျော်တွင် အီလက်ထရောနစ်မဲပေးစနစ်ဖြင့် ဆန္ဒရယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။