ဇူလိုင် ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူးရဲစခန်းရှေ့ရှိ စစ်ကောင်စီကင်းပုန်းနေရာကို ပြည်နယ်အခြေစိုက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ဇူလိုင် ၂၂ ရက်၊ နံနက်ပိုင်းတွင် ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးသွားသည်ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ထားသည်။
ယခုလို တိုက်ခိုက်ပြီးနောက် ပူးပေါင်းတပ်များ ပြန်ဆုတ်ရာလမ်းကြောင်းကို စစ်ကောင်စီက အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထွက်ထိုးတိုက်ခိုက်ခဲ့သည်ဟု MSRF ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က ယခုလို ပြောသည်။
“တိုက်ပွဲဖော်ဆောင်မှုတွေ လုပ်ဆောင်ပြီး (၁၅) မိနစ်ဝန်းကျင်မှာ စစ်ကောင်စီဘက်က နေပြီးတော့ ကျမတို့ ခွာစစ်ဆင်တဲ့ လမ်းကြောင်းကိုလိုက်ပြီး အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင် နေပါတယ်။ အရင်ကလို လက်နက်ကြီးပစ်ခတ်တာမျိုးတွေတော့ မရှိသေးဘူး”ဟု ၎င်းက ပြောသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ ၂ ဦး၊ တပ်သား ၃ ဦးတို့ သေဆုံး ခဲ့ပြီး ၃ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အောင်မြင်စွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ဆင်ရေးတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း ၂၇၊ တပ်ခွဲ-၁ နှင့် မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC)၊ ကာကွယ်ရေးဌာနအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF) တို့ ပူးပေါင်းပါဝင်သည်ဟု သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့ န့နက်ပိုင်းတွင်လည်း ရေးမြို့နယ်၊ မြောက်ပိုင်း မေ့ကနင်ကျေးရွာ အနီးရှိ စစ်ကောင်စီတပ် စခန်းတစ်ခုကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး သွားသည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ် ပြန် ထားချက်အရ သိရသည်။



















