Home သတင်း သေ့ဘောဘိုး စခန်းသိမ်း တိုက်ပွဲ၌ စစ်ကောင်စီကျည် ထိုင်းဘက်ကျ ဒေသခံတစ်ဦးထိမှန်

သေ့ဘောဘိုး စခန်းသိမ်း တိုက်ပွဲ၌ စစ်ကောင်စီကျည် ထိုင်းဘက်ကျ ဒေသခံတစ်ဦးထိမှန်

533

ဇွန် ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆၊ ထိုင်း-မြန်မာ နယ်စပ်ရှိ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရမ်းပစ်ခတ်သည့်ကျည် ထိုင်းနိုင်ငံဘက်သို့ ကျရောက်ပီး ဒေသခံတစ်ဦးထိမှန်သွားသည် ဟု ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့၊ မော်လီချိုင်းကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက အတည်ပြု ပြောသည်။

အဆိုပါ ထိုင်း-မြန်မာ နယ်စပ်ရှိ သေ့ဘောဘိုး စစ်ကောင်စီ စခန်းသည် နှစ်နိုင်ငံ နယ်နိမိတ်အဖြစ် သက်မှတ်ထား သည့် သောင်းရင်းမြစ်အနီးတွင်တည်ရှိပြီး တဖက်တွင် ထိုင်းနိုင်ငံ မော်လီချိုင်း ကျေးရွာ ရှိကာ တိုက်ပွဲဖြစ်ချိန် ဇွန် ၃ ရက်နေ့ ယနေ့ နေလည်ပိုင်းတွင် စစ်ကောင်စီ ပစ်ခတ်သည့် ကျည်ထိုင်းဘက်သို့ ကျရောက်ပီး မော်လီချိုင်း ကျေးရွာ သားတစ်ဦး ခြေထောက်ထိမှန် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

“လက်နက်ကျည်စက ထိုင်းဘက်ကိုကျလာတော့ လူတစ်ယောက် ခြေထောက်မှာထိတာ။ ဒဏ်ရာအပြင်းအထန် တော့ မဟုတ်ဘူး ဆေးရုံတော့ပို့ လိုက်ရတယ်။ သေ့ဘောဘိုးစခန်းတက်တာ စစ်ကောင်စီကပစ်ရင် အရှေ့ဘက် ပစ်ရတော့ ဒါက စစ်ကောင်စီကျည်ဘဲကျတာ” ထိုင်းနိုင်ငံ မော်လီချိုင်း ရွာသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

သေ့ဘောဘိုး စခန်းသိမ်း တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက ဝေါ်လေ ဗျူဟာကုန်း စခန်းမှ လက်နက်ကြီး ပစ်ကူပေးခြင်း၊ Y12 လေယာဉ်ဖြင့် နေ့လည် ပိုင်းတွင် ဗုံး ၅ လုံးကျော် ကြဲချ စစ်ကူပေးခုခံနေသည်ဟု ဒေသခံများ ထံမှ သိရသည်။

အဆိုပါ သေ့ဘောဘိုး စခန်းအနီးတစ်ဝိုက်၌ ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသော်လည်း စခန်းသိမ်းယူပြီး ဖြစ်သည် ဟု ပြောဆို ရေးသားနေခြင်းသည် မဟုတ်မမှန်ကြောင်း ကေအိုင်စီ မြေပြင်သတင်းရင်းမြစ်များက ယနေ့ညနေပိုင်း တွင် အတည်ပြုပြောသည်။

ထို့အပြင် သေ့ဘောဘိုး စစ်ရေးအခြေအနေများကို စိတ်ချယုံကြည်ရသည့် ကေအိုင်စီ သတင်းရင်းမြစ်များထံမှ သိထားသော်လည်း သင့်တော်သည့် အချိန်တွင်သတင်းထုတ်ပြန်ရန် ကေအိုင်စီက စီစဉ်ထားသည်။

ပြီးခဲ့သည့်မေလထဲတွင် ကေအဲန်ယူ၊ တပ်မဟာ(၆) မြဝတီတောင်ဘက်ခြမ်းရှိ စစ်ကောင်စီ တပ်စခန်းများဖြစ်သည့် ဘလယ်ဒိုစခန်း၊ မောခီးစခန်း၊ ကနဲလေးစခန်း၊ ထိုးကျိုး(ဘုရင့်တောင်)စခန်းတို့ကို KNLA၊ တော်လှန်ရေး ပူးပေါင်း တပ်တို့က တစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိုင်းနိုင်ငံသို့ ထွက်ပြေး ခဲ့ရမှုများ ဖြစ်ပေါ်ခဲ့သေးသည်။