ဇွန် ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ငလျင်သင့်ပြည်သူများအတွက် နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့သော လူသားချင်းလူသားချင်းစာနာမှု အကူ အညီ များကို စစ်ကောင်စီ၏ နိုင်ငံရေးနှင့် စစ်လက်နက်အတွက်အသုံးပြုမှု မဖြစ်စေရေးအတွက် လူထုလှုပ်ရှားမှု တစ်ရပ်ကို စတင်လိုက်သည်ဟု ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်း ၅၅ ဖွဲ့က ယနေ့ ထုတ်ပြန် ကြေညာသည်။
အဆိုပါ လူထုလှုပ်ရှားမှုကို “လူသားချင်းစာနာမှု အကူအညီများအား လက်နက်အနေဖြင့် အသုံးချမှုရပ်” (STOP WoA) အမည် ဖြင့် အဖွဲ့အစည်း ၅၅ ဖွဲ့က ပူးပေါင်းအကောင်အထည်ဖော် သွားမည်ဖြစ်ပြီး ဇွန်လ ပထမပတ်မှ နောက်ဆုံး အပတ်ထိ တစ်လတာ ပြုလုပ်သွားမည်ဟု နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WPP)မှ မဇူးဇူးမေယွန်းက ယခုလို ပြောသည်။
“လူသားချင်းစာနာမှု အကူအညီတွေကို အင်အားပြင်းငလျင် ဖြစ်သွားခဲ့တဲ့ နေရာတွေမှာ စစ်ကောင်စီက အသုံး မပြုပဲ သူတို့ရဲ့ လေကြောင်းနဲ့ စစ်ရေးအတွက် အသုံးပြုနေတယ်လို့ သိထားပါတယ်။ အကြမ်းဖက် စစ်ကောင်စီ ကတဆင့် ထောင်ပံ့မယ်ဆိုရင်တော့ သူတိုကြောင့် အပြစ်မဲ့တဲ့ ပြည်သူတွေ များစွာ သေကြေ ပျက်စီးကြရတယ် ဆိုတာ သိစေချင်ပါတယ်။ ဒါကြောင့် ထောက်ပံ့မှုအတွက် လူ့အခွင့်အရေး လှုပ်ရှားတဲ့ အရပ်ဖက်အဖွဲ့အစည်း တွေ နဲ့ ပူးပေါင်းပြီး လုပ်ဆောင်စေချင်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ကြုံခဲ့ရသည့် စစ်ကိုင်းငလျင်ကြီးအတွက် ယခင် နာဂစ် ၊ မိုခါ ၊ ရာဂီ စသည့် သဘာဝဘေးများတွင် ပြည်သူများအတွက်ကူညီမှုများကို အမြတ်ထုတ်ခြင်းမျိုး ထပ်မံ မဖြစ်ပေါ်စေရန် နိုင်ငံရေးနှင့် စစ်ရေးအတွက် အလွဲသုံးစားပြုလုပ်နေမှုကို ထုတ်ဖော်ပြောဆိုရန်နှင့် ၎င်းတွင် ပါဝင်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား ရပ်တန့်ရန် စည်းရုံးရေးအတွက် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အရပ်ဘက်အဖွဲ့များက ပြောသည်။
ထို့အပြင် နိုင်ငံတကာမှ လူသားချင်းစာနာမှုအကူအညီများ ငလျင်ဒဏ်ခံရသည့် ပြည်သူများထံသို့ အမှန်တကယ် မျှတစွာ တိုက်ရိုက်ရောက်ရှိစေရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုအနေဖြင့် ယခု “STOP WoA” လူထု လှုပ်ရှားမှုတွင် နည်းမျိုးစုံဖြင့် ပါဝင်ရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
နိုင်ငံတကာအနေဖြင့်လည်း ငလျင်သင့်ပြည်သူများအား စစ်ကောင်စီမှတစ်ဆင့် ထောက်ပံ့နေသည့် ငွေကြေးများ သည် သွေးစွန်းငွေများ မဖြစ်လာစေရန် အထူးသတိထားရမည် ဖြစ်ပြီး နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့ အစည်း များ (INGOs) များ၊ အစိုးရများ၊ အာဆီယံနှင့် ယူအန် အေဂျင်စီများထံသို့ အဆိုပါလှုပ်ရှားမှုနှင့် ပတ်သက်၍ စည်းရုံးလှုံဆော်သွားမည်ဟုလည်း လှုပ်ရှားမှုတွင်ပါဝင်သည့် အရပ်ဖက် အဖွဲ့များက ပြောသည်။
ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းဗဟိုပြု အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး ပြည်သူ ၄,၄၉၃ ဦး သေဆုံးပြီး ၁၁,၃၆၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူ ရာပေါင်းများစွာ ပျောက်ဆုံး လျက်ရှိသည်ဟု သိရသည်။
ထိုသို့ ငလျင်ဒဏ်ထိခိုက်ခံစားနေရချိန်တွင် စစ်ကောင်စီသည် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး (အရှေ့)နှင့် ရှမ်း(တောင်) အပါအဝင် ဒေသ ၁၅ ခုတွင် အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းဗုံးကြဲမှု ၄၁၄ ကြိမ် ပြုလုပ်ခဲ့ပြီး ကလေးငယ် ၅၉ ဦး အပါအဝင် အနည်းဆုံး ၃၄၉ ဦးသေဆုံးကာ ၇၇၆ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ယခု ၅၅ ဖွဲ့ထဲတွင် ပါဝင်သည့် သွေးစွန်းငွေအဖွဲ့သည် ငလျင်ဘေးလူသားချင်းစာနာမှုအကူအညီများအား စစ်ကောင်စီ၏ နိုင်ငံရေးနှင့် စစ်ရေးအတွက် အသုံးပြုမှု မဖြစ်စေရန် ပြီးခဲ့သည့် မေလတွင်လည်း WOA( Weaponization Of Aid) ခေါင်းစဥ်ဖြင့် ကမ်ပိန်း ပြုလုပ်ခဲ့ဘူးကြောင်း သိရသည်။
ငလျင်ဘေးသင့်ပြည်သူ ၁ ဒသမ ၁ သန်း အား အဓိကထား အကူအညီပေးအပ်ရန် ရည်ရွယ်ထားသည့် ငလျင် အရေးပေါ် ကူညီရေး အစီအစဉ် အတွက် တောင်းခံထားသည့် ကန်ဒေါ်လာ ၂၇၅ သန်း အနက်မှ ကန်ဒေါ်လာ ၆၃ ဒသမ ၇ သန်းခန့်သာ လက်ခံရရှိထားသည်ဟု United Nations OCHA Myanmar က မေ ၃၁ ရက်နေ့တွင် ထုတ်ပြန် ထားသည်။



















