ဇွန် ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD လက်အောက်ရှိ အခြေခံပညာကျောင်းများ ကျောင်းဖွင့်ရာသီ ဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ ဖွင့်ရန် မသင့်တော်ပါက ခေတ္တရပ်ဆိုင်းထားရန် မြို့နယ် KECD က မေ ၃၁ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။
လက်ရှိ ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီစခန်းများကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နှင့် ပြည်သူ့ကာကွယ်ရေးတပ် မတော်-PDF တို့က တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်ကောင်စီက အရပ်သားပြည်သူများရှိရာသို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် လုံခြုံရေးအခြေအနေရ ကျောင်းများဖွင့်ရန် မသင့်တော်ပါက ဆိုင်းငံ့ပြီး အခြေအနေ စောင့်ကြည့်ရန် ယခုလို ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။
မြေပြင်တိုက်ပွဲ ပြင်းထန်လာသည့် အနေခြအနေနှင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများကြောင့် ဇွန်လတွင် ဖွင့်လှစ်မည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကော်သူးလေနယ်မြေရှိ စာသင်ကျောင်းတချို့ အချိန်မှီဖွင့်လှစ် နိုင်သည့် ကျောင်းရှိသလို စာသင်ကျောင်းအချို့ ဖွင့်လှစ်ရန်နောက်ကျမှုများ ရှိမည်ဟု KECD ဌာနမှူး ပဒိုစောလော်အယ်မှူးက ယခုလို ပြောသည်။
“ကျောင်းတာဝန်ရှိသူတွေက ဒေသအာဏာပိုင်တွေရဲ့ အကြံပေးမှု၊ ပူးပေါင်းဆောင်ရွက်မှု လုပ်စေ ချင်တယ်။ စိုးရိမ်နေရတဲ့ကြားက ကျေးရွာတာဝန်ရှိသူတွေ ကျောင်းသားမိဘတွေက သူတို့ကလေး ပညာသင်နိုင်ဖို့ အတွက် အဖက်ဖက်က ကြိုးစားလုပ်ဆောင်တာ တွေ့ရတော့ ဝမ်းသာပါတယ်။ တချို့ကတော့ လုံးဝကျောင်းပြန် ဖွင့်ဖို့ မလုံခြုံသေးတဲ့အနေအထားရှိတော့ မိဘတွေ စိတ်အားမသန်တာတွေလည်း ရှိတယ်။ တစ်ခုပေးသိချင် တာက ကျနော်တို့လည်း ထိခိုက်မှုနည်းအောင် ချင့်ချိန်ပေးပါတယ်။ ဒီနှစ်က ထိခိုက်မှုပိုများတဲ့နှစ်ဖြစ်တော့ နားလည် မှုနဲ့ ပူးပေါင်းလုပ်ဆောင်စေချင်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ယခုနှစ်တွင် ပညာရေးအတွက် ရရှိသည့်ထောက်ပံ့မှုများ နည်းလာသလို မြေပြင်တိုက်ပွဲအခြေအနေကြောင့် ပြည်သူများ စီးပွားရေးကြပ်တည်း၍ စာသင်ကျောင်းများကို ပြန်ထောက်ပံ့နိုင်ရန် ခက်ခဲနေပြီး ပညာရေးအတွက် ထောက်ပံ့မှုလိုအပ်ချက်များ ယခင်နှစ်ထက် ပိုများသည်ဟု ပဒိုစောလော်အယ်မှူးက ဖြည့်စွက်ပြောသည်။
ကျေးရွာအုပ်စု ခေါင်းဆောင်များအနေဖြင့်လည်း စာသင်ကျောင်းဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်၍ သင့်တော်ရာ နေရာများတွင် ယာယီစာသင်ခန်းများ ကြိုတင်ဆောင်ရွက်မှု ပြုလုပ်ပေးပါက ပိုမိုသင့်တော်လုံခြုံမည် ဖြစ်သည်ဟု ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန၏ အသိပေးထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လက်တလော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် (မြဝတီမြို့ တောင်ဘက်) ရှိ သေ့ဘောဘိုးကျေးရွာအုပ်စု၊ ကွီးလယ့်စုကျေးရွာ စာသင်ကျောင်းနှင့် ဗုံးကြီးကျောင်း ပြီးခဲ့သည့် မေ ၂၉ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ သေးသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်လည်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲရှိ စာသင်ကျောင်း အများအပြား လေကြောင်း တိုက်ခိုက်ခံရကာ တချို့ စာသင်ကျောင်း၌ စာသင်ကြားခြင်းမပြုနိုင်ဘဲ တောတောင်များရှိ ကျောက်ဂူများထဲသို့ ပြောင်းရွှေ့စာသင်ကြားခဲ့ရမှုများလည်း ရှိခဲ့ကြောင်း သိရသည်။



















