မေ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျုံဒိုးမြို့တွင် လက်ရှိ စစ်ရေးတင်းမာနေပြီး နေ့စဉ်လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနှင့်လေကြောင်းမှ ဗုံးကြဲမှုများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီက ၎င်းတို့လက်အောက်ရှိ စာသင်ကျောင်းများကို ကျောင်းအပ်လက်ခံ ပြန်ဖွင့် ရန် ဖိအားပေးစေခိုင်းနေသည်ဟု စစ်ရှောင်ကျောင်းသားမိဘများက ပြောသည်။
စစ်ကောင်စီက ကျုံဒိုးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာတစ်ချို့ရှိ စာသင်ကျောင်းများကို မေ ၂၀ ရက်နေ့ နောက်ပိုင်း ကျောင်းအပ်လက်ခံရန်နှင့် ဇွန် ၁ ရက်နေ့တွင် ကျောင်းများပြန်ဖွင့်ရန် ပညာရေးဌာန ဝန်ထမ်းများကို ဖိအားပေး ခိုင်းစေနေသည်ဟု မြို့ပေါ်မှ စစ်ရှောင်နေရသူ ကျောင်းသားမိဘ တစ်ဦးက ယခုလို ပြောသည်။
“ကျုံဒိုးဘက်မှာ စကစ ပညာရေး ရွာအုပ်စုမှူးတွေက ဆရာမတွေကို ပြောတာပေါ့။ အဲ့ဆရာမတွေကနေ မိဘတွေ ကိုပြောလာတာမျိုးလို့ သိရတယ်။ ကျမတို့ အရှေ့ဘက်ကမ်းရွာမှာတော့ ရွာဆရာမက ပြောတာ အခု ၂၂ရက် နေ့ ကျောင်းသား ကျောင်းအပ်လက်ခံမယ်၊ လကုန် ၁ ရက်နေ့ ကျောင်းစဖွင့်မယ်လို့ သိရတယ်” ဟု ညောင်ရိပ်သာ ကျေးရွာ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
ကျုံဒိုးမြို့နယ်အတွင်း ပြီးခဲ့သည့်၂၀၂၄-၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၁၁၄ ကျောင်းဖွင့်လှစ် နိုင်ခဲ့သည်။ ထိုထဲတွင် တစ်ဝက်ခန့်ဖြစ်သည့် ကျောင်း ၅၈ ကျောင်းသည် စစ်ကောင်စီပညာရေးဌာန လက်အောက် တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုအပြင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၅၄ ကျောင်း ဖွင့်လှစ်ခဲ့သလို ကေအဲန်ယူ၊ ကရင်ပညာရေးဌာန- KECD ကျောင်း ၂ ကျောင်းဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
လက်ရှိ ကျုံးဒိုးမြို့ အနီးဝန်းကျင်တွင် နေ့စဉ်နီးပါး လက်နက်ကြီးပတ်ခတ်သံများကြားနေရသလို စစ်ကောင်စီက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထား ဗုံးကြဲမှု ပြုလုပ်နေသည့်အတွက် စစ်ကောင်စီ လက်အောက်ခံ ကျောင်းများတွင်လည်း ကျောင်းတက်ရန် ကျောင်းသားမိဘများ စိုးရိမ်နေသလို ကိုယ်ထူကိုယ်ထ ကျောင်းများလည်း ဖွင့်လှစ်ရန် ချိန်ဆနေသည်ဟု ကြားသိရကြောင်း ကျောင်းသားမိဘများက ပြောသည်။



















