Home သတင်း တာလယ်စခန်းမှထွက်ပြေးသည့် စစ်ကောင်စီဒုရင်းမှူးနှင့်အဖွဲ့ကို လိုက်လံဖမ်းဆီးနေကြောင်း KNU ထုတ်ပြန်

တာလယ်စခန်းမှထွက်ပြေးသည့် စစ်ကောင်စီဒုရင်းမှူးနှင့်အဖွဲ့ကို လိုက်လံဖမ်းဆီးနေကြောင်း KNU ထုတ်ပြန်

528
Photo: KNU

မေ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇) ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ တာလယ်ဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းယူစဥ် စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၂၄ ဒုတပ်ရင်းမှူးနှင့်အဖွဲ့အား လိုက်လံဖမ်းဆီးနေကြောင်း ယနေ့ရက်စွဲဖြင့် ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ ခလရ-၂၄ နှင့် အမြှောက်တပ် အမတ-၃၁၁ တို့ လာရောက် တပ်စွဲထားသော အဆိုပါစခန်းအား KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO ပူးပေါင်း တပ်က ၅ ရက်ကြာတိုက်ပွဲဖော်ဆောင်ပြီး မေလ ၁၃ ရက်နေ့က အပြီးသတ် သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စခန်းရှိ စစ်ကောင်စီ အမတ-၃၁၁ မှ အရာရှိတစ်ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ခလရ-၂၄ မှ ဒု-တပ်ရင်းမှူးတစ်ဦးနှင့်ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့များကို KNLA ပူးပေါင်းတပ်က လိုက်လံဖမ်းဆီးနေသည်ဟု ကေအဲန်ယူထုတ်ပြန်ချက်တွင် ဆိုသည်။

Photo: KNU

တိုက်ပွဲဝင် တပ်မဟာ(၇) KNLA တပ်မှူးတစ်ဦး၏ ယမန်နေ့က ကေအိုင်စီကိုပြောပြချက်အရ စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ရှိနေသည်။

၁၉၈၆ ခုနှစ်မှစ၍ ကေအဲန်ယူနယ်မြေအတွင်း အဆိုပါစခန်းတွင် စစ်ကောင်စီက လာရောက်အထိုင်ချထားခြင်းဖြစ်ပြီး ထိုသို့တပ်စွဲလာမှုကြောင့် အနီးပတ်ဝန်းကျင်မှဒေသခံများ လွတ်လွတ်လပ်လပ် သွားလာအသက်မွေးခွင့် ဆုံးရှုံးခဲ့ရကြောင်းလည်း ကေအဲန်ယူထုတ်ပြန်ချက်ကဆိုသည်။

“ကျနော်တို့နယ်မြေမှာရှိတဲ့ ရန်သူ့တပ်တွေကိုတော့ ကျနော်တို့ အကုန်လုံးရှင်းလင်းရမှာဖြစ်ပါတယ်။ ကျနော်တို့ နယ်မြေမှာ မထားချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရပ်သားပြည်သူတွေ ဝင်ထွက် သွားတာ အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေတဲ့အတွက် ကျနော်တို့ အကုန်ရှင်းလင်းရမှာဖြစ်ပါတယ်။” ဟု တာလယ်စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး တပ်မဟာ(၇) KNLA တပ်မှူးတစ်ဦးက ယမန်နေ့တွင် ပြောသည်။

Photo: KNU

ထို့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ကြီးကျည်အများအပြားနှင့် အခြား လက်နက်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNLA ဘက်ကဖော်ပြပြောဆိုချက်အရ သိရသည်။

ယခုနှစ်ဝက်အတွင်း စစ်ကောင်စီစခန်းများကို KNLA ဘက်က တောက်လျှောက်ဆိုသလို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့်ရက်ပိုင်းက သိမ်းယူနိုင်ခဲ့သည့် တပ်မဟာ(၄) ထိုင်း-မြန်မာ ထီးခီးနယ်စပ်ရှိ စခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ၄၀ ကျော် ထိုင်းဘက်ထွက်ပြေးခဲ့သေးသည်။