Home သတင်း ထိ‌ရောက်သော လူသားချင်းစာနာမှုအကူအညီအတွက် စစ်ကောင်စီထံမှတဆင့် ထောက်ပံ့မှုမပြုရန် Blood Money Campaign တောင်းဆို

ထိ‌ရောက်သော လူသားချင်းစာနာမှုအကူအညီအတွက် စစ်ကောင်စီထံမှတဆင့် ထောက်ပံ့မှုမပြုရန် Blood Money Campaign တောင်းဆို

784
Photo- Social Media

မေ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အရေးပေါ်အကူအညီများနှင့် လူသားချင်းစာနာမှု အကူအညီများ အမှန်တကယ်လိုအပ်နေသူများထံရောက်ရှိရေးအတွက် စစ်ကောင်စီမှတဆင့် ထောက်ပံ့မှုမပြုရန် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money Campaign) က မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။

စစ်ကောင်စီသည် ငလျင်ဘေးသင့် ပြည်သူများထံသို့ နိုင်ငံတကာမှ ထောက်ပံ့သည့် အစားအသောက်၊ ဆေးဝါးနှင့်အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများကို ထိန်းချုပ်ကာ ထိရောက်စွာ ဖြန့်ဝေခြင်း မပြုဘဲ နေပြည်တော်ရှိ ဂိုဒေါင်များတွင် ဖြတ်ယူသိမ်းဆည်းထားသည့်အတွက် ၎င်းတို့ထံမှတဆင့် ဆက်လက် ထောက်ပံ့ပါက အမှန်တကယ် အကူအညီလိုအပ်နေသူများထံ ထိထိရောက်ရောက် ကူညီပေးနိုင်မည်မဟုတ်ကြောင်း Blood Money Campaign က ပြောသည်။

ယခုလို နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်း စာနာမှု အကူအညီများကို ထိန်းချုပ်၊ အမြတ်ယူမှုများ ဖြစ်ပေါ်နေသည့်အပေါ် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်တွဲ လုပ် ဆောင်ရန်မသင့်ဟု Blood Money Campaign ၏ ပြောရေးဆိုခွင့်ရှိသူ မမေက ယခုလို မှတ်ချက်ပြု ပြောသည်။

“ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ငလျင်ဘေးသင့်ဒေသတွေနဲ့ ပြည်သူလူထုထံ အကူအညီ တွေ ရောက်ဖို့ဆိုရင် ဘေးသင့်နေရာတွေနဲ့ ဘေးသင့်လူထုထံကိုယ်တိုင်ကိုယ်ကျ ပေးနိုင်ရင်ပေးပါ။ အဲ့လိုမှ မလုပ်နိုင်ရင် စစ်အုပ်စုကတဆင့် ဝေမျှတာမဟုတ်ဘဲ NUG၊ EROs၊ CSOs၊ CBOs အဖွဲ့တွေကနေတဆင့် ပြည်သူလူထု လက်ထဲရောက်အောင် ထောက်ပံ့ပါ။ ပူးပေါင်းလုပ်ဆောင်ပါ‌။ ဒါကမှ အမှန်တကယ် ငလျင်ဘေးသင့်ပြည်သူတွေအားလုံးထံ အကူအညီရောက်မယ့် နည်းလမ်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် လွတ်မြောက်နယ်မြေများတွင်လည်း စစ်ကောင်စီက ဝင်ရောက်ခွင့်ကန့်သတ်ထားသောကြောင့် အကူအညီ လုံးဝမရရှိမှုများရှိခဲ့ကြောင်း၊ နိုင်ငံတကာမှ ထောက်ပံ့သော လူသားချင်းစာနာမှု အကူ အညီ ပစ္စည်းနှင့် ငွေကြေးများသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်ရှိ အဖွဲ့အစည်းများ လက်ထဲသို့ ထည့်လိုက် လျှင် အကူအညီလိုအပ်သူများထံ မရောက်ခြင်းကို မြင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“လက်ရှိမှာလည်း ဒီအဖွဲ့ကနေဒေသ အခြေပြုအဖွဲ့တွေကနေတဆင့် ချိတ်ဆက်ပြီး ငလျင်ဘေးသင့် ဒေသတွေနဲ့ ပြည်သူတွေထံ တိုက်ရိုက်ပို့နေနိုင်တာပါ။ ဒီလိုမျိုး ချိတ်ဆက်လုပ် ဆောင်နေတဲ့ နိုင်ငံရေး အင် အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီလမ်းကြောင်း ကနေတဆင့် လူထုဆီ တိုက်ရိုက်ရောက်ပါတယ်” ဟု Blood Money Campaign ပြောရေးဆိုခွင့်ရှိသူ မမေက ပြောသည်။

ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများရှိခဲ့သည့် စစ်ကောင်စီသည် လူသားချင်းစာနာမှု အကူ အညီများကို ပိတ်ပင်တားဆီးခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်း၊ စစ်ရေး၊ နိုင်ငံရေးအတွက် လက်နက်အဖြစ် အသုံးချခြင်းများကဲ့သို့ ယနေ့အချိန်ထိ ကြုံတွေ့နေရသည်ဟု Blood Money Campaign က ပြောသည်။

စစ်အုပ်စုသည် ၂၀၀၈ နာဂစ် (Nargis) မုန်တိုင်းအပြီးတွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (UN WFP) မှ ထောက်ပံ့သော အာဟာရမြင့် ဘီစကစ် ၃၈ တန် အပါအဝင် နိုင်ငံတကာ အကူအညီ ပစ္စည်းများကို မတရားသိမ်းယူခဲ့သလို ၂၀၂၃ ခုနှစ်၊ ဆိုင်ကလုန်း မိုခါ (Mocha) မုန်တိုင်း အပြီးတွင်လည်း အထူးသဖြင့် ရခိုင်ပြည်တွင် အကူညီများပေးပို့ခြင်းကို အဟန့် အတားပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း Blood Money Campaign ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဘေးသင့်များအတွက် ရုရှား၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ UAE ၊ လာအို၊ ဘီလာရုစ်၊ အင်ဒိုနီးရှား၊ ပူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ သိရိလင်္ကာ၊ ဗီယက်နမ်၊ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ မှ ကူညီကယ် ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။