Home သတင်း ကော့ကရိတ်တွင် ပီလောပီနံ စိုက်သူများ ဈေးမကောင်း၍ အရှုံးပေါ်

ကော့ကရိတ်တွင် ပီလောပီနံ စိုက်သူများ ဈေးမကောင်း၍ အရှုံးပေါ်

1197

မတ် ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ပီလောပီနံစိုက် တောင်သူများသည် ယခုနှစ်ရာသီ ဈေးမကောင်း၍ အရှုံးပါ်နေသည်ဟု တောင်သူများက ပြောသည်။

ယခုနှစ် လက်ရှိ ပီလောပီနံ ရာသီချိန်တွင် တစ်တန်လျင် ဘတ် ၂,၀၀၀ (ကျပ် ၂၅၀,၀၀၀) နှုန်းသာပေါက်ဈေး ရှိသည့်အတွက် အရှုံးပေါ်နေခြင်းဖြစ်သည်။ ယခင်နှစ်က တစ်တန် ဘတ် ၆,၀၀၀ ထိ ဈေးရရှိခဲ့သည်ဟု ကောကရိတ်မြို့နယ် ပီလောပီနံ စိုက်တောင်သူတစ်ဦးက ယခုလို ပြောသည်။

“မနှစ်က စျေးအရမ်းမကောင်းလဲ တစ်တန် ၆,၀၀၀ ဘတ် အထိ ရသေးတယ်။ အခုနှစ်က တစ်တန် ၂,၀၀၀ ဘတ်ပဲရတော့ လုံးဝအဆင်မပြေဘူး။ တော်တော်လေး ရှုံး နေကြတယ်” ဟု ၎င်းက ပြောသည်။

ယခုလို ပီလောပီနံများ ဈေးကောင်းမရ စိုက်ပျိုးစရိတ်ရှုံး၍ ကော့ကရိတ်မြို့နယ်အတွင်းရှိ ပီလောပီနံ စိုက်ခင်း များ၌ ပီလောဥ တူးဖော်ခြင်းမပြုတော့ဘဲ စိုက်ခင်းပစ်ထားလိုက်ခြင်းများလည်းရှိသည်ဟု တောင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

“စျေးလုံးဝ မကိုက်တော့ ပီလောပီနံ စိုက်တဲ့သူအများစုလဲ တူးထုတ်ပြီးမရောင်း တော့ဘူး။ ဒီတိုင်းပဲထားတော့ တယ်” ဟု သူမက ပြောသည်။

ထိုပြင် ယခုနှစ်ရာသီတွင် ဒေသထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကွမ်းသီးစသည့် သီးနှံများသည် အတော် အသင့် စျေးကောင်းများရရှိနေ၍ ပီလောပီနံစိုက်ပျိုးသူများလည်း စျေးတက်လာမည့် အချိန်ကိုမျှော်လင့်နေကြသူ များလည်း ရှိကြောင်း သိရသည်။

အဆိုပါ ပီလောပီနံ ကုန်ကြမ်းများကို လူသုံးကုန်ပစ္စည်းများ ဖြစ်သည့် ကတ္ထူစက္ကူပုံး၊ ကော်၊ တိတ် စသည်တို့၌ အသုံးပြုသလို စားသောက်များဖြစ်သည့် အချိုမှုန့်၊ ခေါက်ဆွဲ၊ ကြာဇံ၊ နို့မှုန့် နှင့် မုန့်အမျိုးမျိုးတွင်လည်းကောင်း အဖျော်ယမကာ အဖြစ် အရက်၊ ဘီယာတို့တွင်လည်း အသုံးပြုသည်။ ထို့အပြင် အိမ်သုံးဆေးဝါး၊ အလှကုန်ပစ္စည်း များ၊ တရိစ္ဆာန် အစားစာများ၌လည်း အသုံးပြုကြောင်း သိရသည်။