မတ် ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-တနင်္သာရီကားလမ်းပိုင်း တစ်လျှောက်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်တင် ယာဉ် များကို ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသတွင်းကုန်တင်ယာဉ်မောင်းများက ပြောသည်။
အဆိုပါ မြိတ်-တနင်္သာရီ ကားလမ်းပိုင်းတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ယခုမတ်လပထမ အပတ်မှ စတင်၍ ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်၌ ကုန်တင်ကားအများစုကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လာသည်ဟု ဒေသခံကုန်တင်ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။
“စစ်ဆေးရေးဂိတ်တွေမှာက အရင်ကစစ်ဆေးတာလောက်ပဲဆိုပေမဲ့။ အခုနောက်ပိုင်းမှာ စစ်ဆေးတာအပြင်ကိုမှ သူတို့ကန့်သတ်ထားတဲ့ ပစ္စည်းတွေတင်ဆောင်လာတာမျိုး ရှိတဲ့အခါကျရင် ဖမ်းဆီးတယ်။ နောက်ပြီး ကုန်ပစ္စည်း တချို့ကိုလည်းသိမ်းဆည်းတာတွေကို လုပ်တယ်။ စစ်ဆေးမှုတွေ တင်းကြပ်လာတာကိုမှ ဖမ်းဆီးမှုတွေကိုပါပူးတွဲ လုပ်ဆောင်လာတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
မြိတ်-တနင်္သာရီလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခြေခံစားသောက် ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စသည့်ကုန်ပစ္စည်းများအပြင် စက်သုံးဆီနှင့်ဓာတ်ဆီ သယ်ဆောင်ခွင့်များကိုပါ ကန့်သတ်ထားပြီး အဆိုပါပစ္စည်းများတင်ဆောင်လာပါက ဖမ်းဆီးလေ့ရှိသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) ၏ မျှောစာပါမှသာ တင်ဆောင်ဖြတ်သန်းခွင့် ပြု ကြောင်း ကုန်တင်ယာဉ်မောင်းများ ထံမှ သိရသည်။
“ပြီးခဲ့တဲ့နှစ်တွေကတော့ ထောက်ခံစာတွေယူပြီး ဂိတ်ရောက်ရင်ထောက်ခံစာပြရတယ်။ အခုနောက်ပိုင်းက ထောက်ခံစာမထုတ်ပေးတာလည်း ကြာပြီးဆိုတော့ အဆင်မပြေတော့ဘူး။ နောက်ပြီးတော့တနင်္သာရီက နယ်စပ် တွေမှာလည်း တိုက်ပွဲတွေကဆက်တိုက်ဆိုသလိုဖြစ်နေတော့ လုပ်ကိုင်ရတာခက်ခဲလာတယ်”ဟု မြိတ်-တနင်္သာရီ လမ်းပိုင်းအားအသုံးပြုနေသည့် ဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ နှစ်ဖက်တိုက်ပွဲများကြောင့် တနင်္သာရီ-မောတောင်ကားလမ်းပိုင်းရှိ ထုံမခါရွာနှင့် သိန်းခွန်းရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၃ ရက်နေ့မှစ၍ ဖေဖော်ဝါရီ၇ ရက်နေ့အထိ ငါးရက်ဆက်တိုက် ဗုံးကြဲတိုက်မှုများလုပ်ဆောင်ခဲ့သည်။
ထို့အပြင် စစ်ကောင်စီ မြေပြင်စစ်ကြောင်းက ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေ သည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ပြောဆိုသည်။


















