Home သတင်း ဇွဲကပင်တောင် ဘုရားပွဲ ယခင်နှစ်ထက် လောင်းကစားဝိုင်း တိုးလာပြီး ပိုစည်ကား

ဇွဲကပင်တောင် ဘုရားပွဲ ယခင်နှစ်ထက် လောင်းကစားဝိုင်း တိုးလာပြီး ပိုစည်ကား

390

မတ်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၏ အထင်ကရ သမိုင်းဝင် ဇွဲကပင် ဆံတော်ရှင်ဘုရား၏ ယမန်နေ့ညက ပြုလုပ်သည့် တပေါင်းလ ပြည့် ဘုရားပွဲ၌ ယခုနှစ်တွင် အန်ဂလုံ လောင်းကစားဝိုင်းများတိုးလာပြီး ပိုမိုစည်ကားနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဘုရားပွဲကို ဖားအံမြို့အနီးရှိ ဇွဲကပင်တောင် အရှေ့ဘက်ခြမ်း ခလောက်နို့ရွာနှင့် အနောက်ဘက်ခြမ်း ဒုံရင်း ရွာ နှစ်ခုစလုံးတွင် ကျင်းပနေခြင်းဖြစ်ပြီး ယခင်နှစ်ထက် ယခုနှစ်တွင် အန်ဂလုံ လောင်းကစားဝိုင်းဖြင့် ပိုမိုစည်ကားနေသည်ဟု ခလောက်နို့ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အန်ကလုံဝိုင်းတော့ နှစ်တိုင်း ရှိတယ်။ ဒီနှစ်က ဝိုင်းတွေ ပို များလာပြီး လူ ပိုစည်လာတယ်။ ရွာအနီးအနားက လူတွေလည်း အများကြီး လာကြတယ်။ တစ်ဝိုင်းကို ၇ သောင်း (ကျပ်) ကောက်တယ်လို့ ကြားမိတယ်။ ဒီလောက် ဝိုင်းများတာ ပိုက်ဆံတော်တော်ရမှာပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ခန့်မှန်းခြေ အန်ဂလုံဝိုင်း ၁၀၀ ကျော်နှင့် ငါးပစ်ဂိမ်းအပြင် ဖဲ၊ အနီထောင် စသည်ဖြင့် အခြား အမျိုးအမည် မသိရသော လောင်းကစားဝိုင်းများလည်း ပါဝင်သည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

အဆိုပါ ဘုရားပွဲကို တပေါင်းလပြည့်နေ့ မတ် ၁၃ ရက်နေ့မှ လပြည့်ကျော် နှစ်ရက် မတ် ၁၅ ရက်နေ့အထိ သုံးရက် ကြာ ကျင်းပမည်ဖြစ်ပြီး အဆိုပါ လောင်းကစားဝိုင်းများကို ကျောင်းထိုင်ဘုန်းကြီး ခွင့်ပြုချက်ဖြင့် ကျေးရွာဒေသခံ များက ပွဲကန်ထရိုက်ဆွဲပြီး ပြုလုပ်ခြင်း ဖြစ်သည်။

“မနေ့ညက ပွဲမှာ လူတော်တော်စည်တယ်။ တော်တော်များများက အန်ဂလုံ လောင်းကစားဝိုင်းမှာပဲ လူတွေ ပြုံ နေတာ တွေ့ရတယ်။ အဖိုးကြီး၊ အဖွားကြီးတွေ ဆယ်နှစ်အောက်ကလေးတွေ ဘုန်းကြီးတွေ ကိုရင်တွေရော ကစားနေတာ တွေ့ရတယ်” ဟု ပွဲတော် သွားရောက်ခဲ့သူ ဖားအံမြို့ခံလူငယ် စောအာကေကပြောသည်။

ယမန်နေ့ ပွဲတော်ပထမနေ့ ညပိုင်းတွင် အန်ဂလုံလောင်းကစားဝိုင်းအပြင် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲနှင့် ဇာတ်ပွဲများ ပါဝင်ပြီး ပွဲတော်လုံခြုံရေးအတွက် နယ်မြေခံ နယ်ခြားစောင့်တပ်-BGF နှင့် ငြိမ်းချမ်းရေးကောင်စီ (PC) တို့က လုံခြုံရေးယူပေးနေသည်ဟု သိရသည်။

ဆယ့်နှစ်လရာသီပွဲတော်တွင် တပေါင်းလပြည့်နေ့သည် ဘုရားပွဲတော် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ သမိုင်းဝင် ဘုရားများတွင် ဘုရားပွဲတော် ကျင်းပလေ့ ရှိကြသည်။ ဇွဲကပင်တောင် ဘုရားသည် သမိုင်းဝင်ဆံတော်ရှင် ဘုရား ဖြစ်ပြီး နှစ်စဉ် လူစည်ကားလေ့ ရှိသည်ဟု ဒေသခံများက ပြောသည်။