Home သတင်း ကရင်ဖြူအမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုစိုင်း(ခေါ်) ကိုဝင်းလှိုင်ကို အသတ်ခံရမှု ကယန်းပြည်သစ်အပေါ် တော်လှန်ရေးအင်အားစုတို့ သဘောထားတင်းမာ

ကရင်ဖြူအမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုစိုင်း(ခေါ်) ကိုဝင်းလှိုင်ကို အသတ်ခံရမှု ကယန်းပြည်သစ်အပေါ် တော်လှန်ရေးအင်အားစုတို့ သဘောထားတင်းမာ

947
Photo- CJ

မတ်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နေပြည်တော်၊ ပျဥ်းမနားဒေသ စစ်ရေးလှုပ်ရှားသည့် ပျဥ်းမနားစစ်ကြောင်းမှူး၊ ကရင်ဖြူအမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကိုစိုင်း(ခေါ်)ကိုဝင်းလှိုင်ကိုအား ကယန်းပြည်သစ်တပ်မတော်နယ်မြေအတွင်း သေဆုံးလျက်တွေ့ရှိခဲ့ရခြင်းအပေါ် နေပြည်တော်တော်လှန်ရေးအင်အားစုဘက်က ကယန်းပြည်သစ်သို့ သဘောထားတင်းမာလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၃)ရက်နေ့က ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး သိန်း ဟန်နှင့်တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကိုစိုင်းအား လာရောက်ခေါ်ဆောင်သွားပြီး မတ်လ ၁၃ ရက်နေ့တွင် ကယန်းပြည်သစ်ရုံးစိုက်ရာနယ်မြေ၌ ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့်သေဆုံးနေသော သူ၏ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ရသည်ဟု နေပြည်တော်တိုင်းစစ်ဌာနက ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

ကိုစိုင်းအား ခေါ်ယူထားသည့်ကာလအတွင်း စာဖြင့်အကျိုးအကြောင်းမေးမြန်းမှုအား ကယန်းပြည်သစ်ဘက်က ပြန်လည်တုံ့ပြန်ခြင်းမရှိသလို ကိုယ်တိုင်သွားရောက်တွေ့ဆုံရာတွင်လည်း တာဝန်ရှိသူများက လက်ခံတွေ့ ဆုံခြင်းမရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန-MOD အောက်ရှိ နေပြည်တော်တိုင်းစစ်ဌာနက ပြောသည်။

“ပျဥ်းမနားမြို့နယ်ဘက်က စစ်မြေပြင်မှာ တိုက်ပွဲဖြစ်တော့ ကယန်းပြည်သစ်ရဲဘော်နှစ်ယောက် ထိခိုက် ဒဏ်ရာရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကယန်းပြည်သစ်က သူတို့အစည်းအဝေးခေါ်မယ်ဆို ခေါ်သွားတာပဲ။ နောက်တော့ ညှဉ်းပန်းသတ်ဖြတ်ခံလိုက်ရတယ်” ဟု အခြေအနေကိုသိရှိသည့် ထိုဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ကရင်ဖြူလူမျိုးစုဝင်တစ်ဦးဖြစ်သော ကိုစိုင်း (ခေါ်) ကိုဝင်းလှိုင်ကိုသည် ပျဥ်းမနားအရှေ့ဘက်တောင်တန်းဒေသရှိ ကရင်ဖြူအမျိုးသားရေး တက်ကြွလှုပ်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူအသတ်ခံလိုက်ရသည့်ကိစ္စတွင်လည်း လူမျိုးရေးပြဿနာများ ပါဝင်နေနိုင်ကြောင်း ကိုစိုင်းနှင့်နီးစပ်သူများက သုံးသပ်သည်။

ကိုစိုင်းနှင့်ရင်းနှီးသူက “ဒါက စစ်ရေးဆိုတာထက် လူမျိုးရေးကိုဦးတည်နေတယ်။ အဲဒီပျဥ်းမနား အရှေ့ဘက်တောင်တန်းဒေသက ကရင်ဖြူအုပ်စုတွေကို ကယန်းနယ်မြေ၊ ကယန်းလူမျိုးအဖြစ်သတ်မှတ်ဖို့ တောက်လျှောက်ကြိုးစားနေတာတွေရှိတယ်။ အဲဒီမှာ ကိုစိုင်းက ကရင်ဖြူအရေးလှုပ်ရှားတဲ့ ကရင်ဖြူခေါင်းဆောင်တစ်ယောက်လည်းဖြစ်တော့ သူ့ကိုမဲပြီးလုပ်သွားတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ကိုစိုင်း (ခေါ်) ကိုဝင်းလှိုင်ကို၏ ရုပ်အလောင်းမှာ မီးလောင်ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ၊ ခြေထောက်ခုတ်ထစ်ခံရ ဒဏ်ရာများဖြင့် ပျက်စီးလျက်ရှိကြောင်း တွေ့ရသည်။

ကယန်းပြည်သစ်နယ်မြေ၌ အလောင်းပြန်တွေ့ခဲ့ရသည့်အပေါ် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ကယန်းပြည်သစ်တပ်မတော် တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းနိုင်ရေး ကြိုးပမ်းနေဆဲဖြစ်သည်။

နေပြည်တော်တိုင်းစစ်ဌာနဘက်ကမူ ကယန်းပြည်သစ်အနေဖြင့် (၃)ရက်အတွင်း အမှုမှန်ပေါ်ပေါက်ရေး တာဝန်ယူဖြေရှင်းပေးရန်၊ ကျူးလွန်သူများကို ပြင်းထန်စွာအရေးယူဆောင်ရွက်ရန်၊ တော်လှန်ရေးအ သိုင်းအဝိုင်းအပေါ် ခြိမ်းခြောက်ခံရမှုအား သမာသမတ်ကျရေး ကြိုးပမ်းရန် ထုတ်ပြန်ချက်မှတဆင့် အသိပေးထားသည်။