Home သတင်း သတင်းသမားများ နှိပ်စက်သက်ဖြတ်ခံရမှု ကျူးလွန်သူများ တာဝန်ခံမှုရှိရန် IPCM ပြော

သတင်းသမားများ နှိပ်စက်သက်ဖြတ်ခံရမှု ကျူးလွန်သူများ တာဝန်ခံမှုရှိရန် IPCM ပြော

808
16-09-18 - PHOTO:- Steve Tickner Journalists and democracy activists united at a protest at Mahbandoola park to protest restrictions on media and the imprisonment of two Reuters journalists, Wa Lone and Kyaw soe Oo

ဇန်နဝါရီ ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

သတင်းမီဒီယာ သမားများကို ဖမ်းဆီးထောင်ချခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန် မှုများအတွက် တာဝန်ခံမှုရှိစေရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)က ဇန်နဝါရီ ၂၅ ရက်နေ့ တွင် ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

စစ်တပ် အာဏာသိမ်းကာလ ၄ နှစ်အတွင်း သတင်းသမား ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လက်ရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်းရှိ အကျဥ်းထောင်များအတွင်း အကျဥ်းကျခံနေရသည့် သတင်းသမား ၄၃ ဦးရှိကာ ၎င်းတို့ကို ရာဇဝတ်မှုများဖြင့်လည်း အရေးယူမှုရှိနေသည်ဟု IPCM က ပြောသည်။

ထိုအထဲ၌ အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည့် သတင်းသမားက ၁၁ ဦးရှိနေပြီး ကျန်သူများမှာ ထောင်ဒဏ် ၁၀ နှစ်မှ ၃ နှစ်ကြား ပစ်ဒဏ် ချမှတ်ခံထားရသည်။

ထို့အပြင် သတင်းလုပ်ငန်းလုပ်ကိုင်နေစဥ် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် သတင်းသမားမှာလည်း ၇ ဦးအထိရှိခဲ့သည်။ ထိုသို့ သတင်းမီဒီယာသမားများ လက်လွတ်စပယ်ဖမ်းဆီး ထောင်ချ ခံနေရခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခံနေရခြင်းအပေါ် ဆန့်ကျင်ရှုတ်ချသလို ကျူးလွန်သူများ တာဝန်ခံမှုရှိရန် IPCM ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“အဓိက ကျူးလွန်ခဲ့သူတွေက အာဏာသိမ်း စစ်ကောင်စီဘက်တော်သားတွေဖြစ်တော့ အခုလို ပဋိပက္ခကာလ အတွင်း သတင်းသမားတွေကို ၀ရမ်းထုတ်၊ ဖမ်းဆီးထောင်ချ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့မှုတွေအတွက် သူတို့ ကို ထိုက်တန်တဲ့ အပြစ်ပေး အရေးယူမှုတွေ ခံရစေချင်တယ်။ နိုင်ငံအတွင်း ဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန် ဖြစ်တော့ ဒီအချက်အလက်တွေကို နိုင်ငံတကာတရားစီရင်ရေးအတွက် သက်သေအဖြစ် အထောက်အကူဖြစ်စေဖို့ ဆက် ဆောင် ရွက်သွားရအုံးမှာပါ” ဟုIPCM ဥက္ကဌ နန်းဖော့ဂေက ကောင်စီကိုယ်စားပြု ပြောသည်။

ထို့အပြင် အာဏာသိမ်း ၄ နှစ်တာကာလအတွင်း စစ်ကောင်စီက မီဒီယာဖိနှိပ်မှုကို အလွန်ပြုလုပ်နေပြီး သတင်း မီဒီယာ လွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေကြောင်း၊ သတင်းသမားများ သတင်းလွတ်လပ်ခွင့်အခြေခံ ပေးထား ချက်များအရ ရပ်တည်နိုင်ခြင်းမရှိဘဲ ကမ္ဘာအဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပ်တန်းနိုင်ငံစာရင်းတွင် ပါဝင်သည် အထိ အန္တရာယ် ကျရောက်နေပြီး ဖြစ်သည်ဟု IPCM က ထောက်ပြထားသည်။

“သတင်းမီဒီယာနဲ့ သတင်းသမားတွေအတွက် ရှေ့ဆက်ကြုံတွေ့ရအုံးမှာက လုပ်ငန်းရပ်တည်ရေးနဲ့ လုံခြုံရေး ဖြစ်ပါ တယ်။ လုပ်ငန်းလည်ပတ်မှုတွေ မြန်မာမီဒီယာအသီးသီး ခက်ခဲကြပ်တည်းမှု ရှိလာနိုင်တဲ့အပြင် ကျင့်ဝတ် နဲ့အညီ လွတ်လပ်စွာ သတင်းရေးသားတင်ဆက်မှုမှာလည်း လုံခြုံရေးအရ စိန်ခေါ်မှုတွေလည်း ပိုရင်ဆိုင်ရလာနိုင် မယ်လို့ မြင်မိတယ်” ဟု IPCM ဥက္ကဌ နန်းဖော့ဂေက ကောင်စီကိုယ်စားပြု သုံးသပ်ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်သူများအပေါ်ကျူးလွန်နေသည့် အကြမ်းဖက်မှုနှင့် လူ့အခွင့် အရေးချိုးဖောက်ခံနေရမှုများကို သတင်းရယူကာ အရှိအတိုင်း တင်ဆက်နေမှုကြောင့် မီဒီယာလိုင်စင် ပိတ်သိမ်း ခြင်းခံရသည့် ပြည်တွင်းအခြေစိုက်မီဒီယာ (၁၅) ခုရှိပြီး ဖြစ်သည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့ပြီး ကောင်စီအနေဖြင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မီဒီယာလွတ်လပ်ခွင့် အတွက်ဆွေးနွေးခြင်း၊ သတင်းမီဒီယာ အငြင်းပွားမှုများညှိနှိုင်း ဖြေရှင်းခြင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေ အနေကို နိုင်ငံတကာက သိရှိရန်ပြောဆိုခြင်း စသည်တို့ကို လုပ်ဆောင်နေသည်ဟု သိရသည်။