Home သတင်း မယ်လအူးစခန်း၌ တတိယနိုင်ငံ သွားလိုသူများကို စာရင်းကောက်

မယ်လအူးစခန်း၌ တတိယနိုင်ငံ သွားလိုသူများကို စာရင်းကောက်

525
Photo: Social Media

ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မယ်လအူး ဒုက္ခသည်စခန်း၌ တတိယနိုင်ငံသို့ သွားရောက်အခြေချနေထိုင် လို သူများ စာရင်းကို စခန်းတာဝန်ရှိသူများက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စတင်ကောက်ယူနေသည်ဟု စခန်းတွင်နေထိုင်သူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မယ်လအူး ဒုက္ခသည်စခန်းတွင် နေထိုင်သူ ကုလသမဂ္ဂ၏ ဒုက္ခသည်အသိအမှတ်ပြု လက်မှတ် တစ်ခုခု ကိုင်ဆောင်ထားသူများအနေဖြင့် မိမိတို့နေထိုင်ရာ စခန်းရပ်ကွက်မှူးများထံ စာရင်းပေး သွင်းနိုင်ပြီး ဖြစ်သည်ဟု စခန်းတွင်းနေထိုင်သူ ကေအိုင်စီ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၎င်းက “ဒီနေ့ ရပ်ကွက်မှာ UN အထောက်အထားရှိတဲ့သူတွေ တတိယနိုင်ငံသွားချင်ရင် ရပ်ကွက်ရုံးကို စာရင်းသွားပေး ရမယ်ပေါ့နော်။ မနက်ဖြန် ၁၂ ရက်နေ့ကျရင် ရပ်ကွက်မှူးတွေက စခန်းကော်မတီရုံးကို သွားတင်ထားရမယ်လို့ တော့ ပြောတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မယ်လအူးစခန်းသို့ လာမည့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးမှ တာဝန်ရှိသူများလာရောက်ရန်ရှိပြီး စခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ မည်ဟု စခန်းတွင်း နေထိုင်သူ များထံမှ ကနဦးသိရသည်။

မယ်လအူးဒုက္ခသည်စခန်းသည် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဆော့မွေမြို့နယ်၊ သောင်ရင်းမြစ်မှ ၃ ကီလို မီတာအကွာတွင် တည်ရှိသည်။ လူဦးရေ ၉,၀၀၀ ခန့် ခိုလှုံနေထိုင်ကာ အများစုမှာ ကရင်နှင့် ကရင်နီလူမျိုးများ ဖြစ်သည်ဟု သိရသည်။

စခန်းတစ်ဘက်ခြမ်း သောင်ရင်းမြစ်ကမ်း ကရင်ပြည်နယ်ဘက်တွင်မှု တိုက်ပွဲများဖြစ်ပွားနေပြီး သေနတ်သံနှင့် လက်နက်ကြီးသံများ မကြာခဏ စခန်းထဲမှကြားနေရသည်ဟု စခန်းတွင်း နေထိုင် သူများက ပြောသည်။ စစ်ပွဲနှင့်နီးစပ်နေသည့် နယ်စပ်ဒုက္ခသည်စခန်းဖြစ်သည့်အတွက် တတိယနိုင်ငံခေါ်ယူရေး အစီအစဉ်တွင် ဦးစားပေးခံရနိုင်သည့် အခြေအနေရှိသည်ဟု စခန်းတွင်းနေထိုင်သူများထံမှ သိရသည်။

“ ရပ်ကွက်မှူးတွေကလည်း ပြောတာပေါ့နော်။ ဒီမယ်လအူး စခန်းမှာ နေထိုင်သူများက မြန်မာ ပြည်ဖက်ခြမ်း တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ နီးတော့ အဓိက ဦးစားပေး ဆောင်ရွက်နေတယ်လို့ ပြောတယ်” ဟု စခန်းတွင်းနေထိုင်သူ အခြားတစ်ဦးက ပြောသည်။

ပြီးခဲ့သော နိုဝင်ဘာလတွင် အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို ခေါ်ယူရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားမည့် ထင်မြင်သုံးသပ်မှုများ ထွက်ပေါ်ခဲ့ဖူး သေးသည်။ သို့သော်လည်း ခေါ်ယူရေးလုပ်ငန်းစဉ်များမှာ ရပ်တန့်သွားခြင်းမရှိကြောင်း ကရင်ဒုက္ခ သည်များကော်မတီ-KRC တာဝန်ရှိသူထံမှ သိရသည်။