နိုဝင်ဘာ ၂၈၊ ၂၀၂၄။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းသွား သည့်လမ်းပေါ်၌ လုံခြုံရေးသွားချ ထားသည့်အပေါ် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBAနှင့် မွန်ပြည်သစ် ပါတီ-NMSP တို့ နိုဝင်ဘာ ၂၇ ရက်နေ့က တင်းမာမှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး ယနေ့တွင် ပြန်ပြေလျော့လာသည်ဟု မြို့ခံတဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ DKBA က ဂိတ်သွားချသည့် နေရာသည် NMSP နယ်မြေအတွင်း မဟုတ်သော်လည်း ၎င်းတို့ ဖြတ်သန်း သွားလာသည့် လမ်းပေါ်တွင် ဖြစ်နေသည့်အတွက် NMSP ဘက်က လက်မခံနိုင်သည့်အပေါ် နှစ်ဖက် တင်းမာမှု အနည်းငယ်ဖြစ်ခဲ့ပြီး အနီးရှိဒေသခံတချို့ စိုးရိမ် တိမ်းရှောင်မှု ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ယခုလို ပြောသည်။
“DKBA ဘက်က ကတုပ်ကျင်းသွားတူးတာက မွန်ဘက်ကပြောတာ သူတို့နေရာထဲရောက်တယ်။ အမှန်တော့ သူတို့နေရာထဲမရောက်ဘူး။ အဲကနေ နည်းနည်း စပြီးတင်းမာလာတယ်။ မနေ့တုန်းကတော့ DKBA က သူတို့ ဂိတ်အနီး သွားပြောင်းနေတော့ ထိပ်တိုက်တွေ့သွားတယ်။ မနေ့တုန်းကတော့ ဂျပန်ရေတွင်းအနီး ရွာတွေဘက်က ဒေသခံတွေကတော့ တိုက်ပွဲဖြစ်မှာကြောက်လို့ လိုက်တိမ်းရှောင်သွားတာရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်တင်းမာမှု ပြန်လည်ပြေလျော့လာသလို တိမ်းရှောင်သည့် ဒေသခံတစ်ချို့ ပြန်လာကြသော်လည်း စိုးရိမ်နေကြရဆဲဖြစ်သည်ဟု အဆိုပါ ဒေသခံက ဆိုသည်။
DKBA ဂိတ်ချသည့်နေရာသည် NMSP နယ်မြေထဲ မရောက်သည့်အတွက် ပြန်မရုတ်သိမ်းနိုင်သလို နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းသွားမည်ဟု DKBA၊ အမှတ်-၂ စစ်ကွပ်ကဲရေး၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ပြောသည်။
“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲဒီလမ်းမှာ မြို့ထဲကို သူတို့လည်း လွှမ်းမိုးချင်လို့ အဲဒီ လမ်းပေါ်ကမြေတွေ အကွက်ရိုက်ပြီး သူတို့မြေယာအထောက်အထားတွေ ထုတ်ပေးတာရှိတယ်။ ပြီးတော့ သာသနာမြေတွေလည်း ပါသွားတာရှိတယ်။ ကျနော်တို့ တစ်ခါသွားပြောပြီးပြီး အဲဒါကြောင့် အခု အဲဒီလမ်းမှာ ကျနော်တို့ လူတွေသွားချ ထားတာဖြစ်တယ်။ သူတို့ နယ်မြေထဲမှာမဟုတ်ဘူး။ သွားချတာက ရဲစခန်းအနီးမှာဘဲ” ဟု ၎င်းက ပြောသည်။
ယခင်၂၀၁၉ ခုနှစ်က ဂျပန်ရေတွင်းနှင့် ဒဒိန်နေရာအနီး၌ အုပ်ချုပ်ရေးနယ်မြေ အငြင်းပွားမှု၊ သစ်ထုတ်လုပ်မှု စသည့် အကြောင်းအရာများကြောင့် KNU နှင့် NMSP တို့ တင်းမားမှု ဖြစ်ခဲ့ဖူးသေးသည်။