နိုဝင်ဘာ ၁၁ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ သမင် အင်း ကုန်းရွာသို့ စစ်ကောင်စီက ဒရုန်း ၂ စီးဖြင့် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာရှိ စာသင် ကျောင်း ထိခိုက်ပျက်စီးသွားသည်ဟု ကေအဲန်ယူ၊ ကျောက်ကြီးမြို့နယ် ပြောခွင့်ရ ပဒိုစောဝါးမူက ပြောသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့၊ ညသန်းခေါင်းကျော် နံနက် ၂ နာရီအချိန် ဒရုန်းဖြင့် ဗုံး ၃ လုံး ကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်း ထိမှန် ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိကြောင်း ပဒိုဝါးမူက ယခုလို ပြောသည်။
“စာသင်ကျောင်းအဆောက်အအုံ တစ်ခုလုံးပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မရှိဘူး။ မနက် ၂ နာရီ ဝန်းကျင်ဖြစ်တဲ့အတွက်ကြောင့် ဒေသခံတွေမထိခိုက်ဘူး။ အဲ့မှာ ဒရုန်းနဲ့ပစ်ပြီးတော့ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ လည်း ပစ်ခတ်တာတွေရှိတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ယခုလို စစ်ကောင်က ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းပျက်စီးသွားသည့် အတွက် လတ် တလောတွင် သမင်အင်းကုန်းကျေးရွာရှိ စာသင်ကျောင်းကို ပိတ်ထားရသည်ဟု တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ သမင်အင်းကုန်းရွာသို့ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ဖူးပြီး စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သည်ဟု ကျောက်ကြီး မြို့နယ်၊ ကေအဲန်ယူက ထုတ်ပြန်ပြောသည်။
ယခုလို အကြောင်းမဲ့ အရပ်သားများနေထိုင်ရာသို့ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းတို့ ကို စစ်ကောင်စီက ပြုလုပ်နေသည့်အတွက် ဒေသခံများ စိုးရိမ်စိတ်ဖြင့်နေထိုင်နေရသလို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်မည်ကိုလည်း စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။



















