Home ဆောင်းပါး အာဝါဒေး လောင်းကစားဝိုင်းရောက် အနာဂတ်ပန်းကလေးများ

အာဝါဒေး လောင်းကစားဝိုင်းရောက် အနာဂတ်ပန်းကလေးများ

153

အာဝါဒေး လောင်းကစားဝိုင်းရောက် အနာဂတ်ပန်းကလေးများ

စောအယ်ကလူတော

(နိုဝင်ဘာ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်)

မီးရောင်စုံအလှဆင်ပြီး အသံကုန်နီးပါး ဖွင့်ထားသည့် Speaker box အသံနှင့်အတူ ဆူညံသံ ပွက်လောရိုက် နေသည့် ပွဲခင်းတစ်ခု။ ပွဲခင်းအတွင်း ဆိုင်းဝိုင်းသံမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ကခုန်နေသည့် ဇာတ်ပွဲစင်ထက် အော်ဟစ်သံများဖြင့် ဆူညံနေသော အန်ကလုံ လောင်းကစားဝိုင်းက လူပို၍စည်ကားနေသည်။

မုန့်စျေးတန်းနှင့် ကပ်လျက်တစ်ဖက်တစ်ခြမ်းတွင် လောင်းကစားဆော့ကစားရန်အတွက် သီးသန့်နေရာချ ထားသည့် လောင်းကစားတန်းကြီးတွင် အန်ကလုံဝိုင်းများအပြင် အခြာသော ကစားနည်းမျိုးစုံ ပါဝင်၍ လူအများ အပြားတိုးဝှေ့အော်ဟစ်ကာ ဆော့ကစားနေကြသည်။

လောင်းကစားတန်းကြီးအတွင်း အန်ကလုံဝိုင်းများကို အများဆုံးတွေ့ရကာ ဝိုင်းတိုင်းလိုလိုတွင် လူပြည့်နေပြီး အများစုမှာ ဒေသခံသက်ကြီးပိုင်းများ ဆော့ကစားနေသော်လည်း အချို့သောဝိုင်းများတွင် အသက် ၁၀ နှစ်ပင် မပြည့်သေးသော ကလေးငယ်များဝိုင်းဖွဲ့၍ သီးသန့်ဆော့ကစားနေသည်ကို မြင်တွေ့လိုက်ရသည်။

အန်ကလုံဆိုသည်မှာ အံစာတုံးအသွင်လို မျက်နှာပြင် ၆ ဘက်ပါသည့် စတုရန်းအတုံးကြီး ၃ တုံးကို ကြိုးဖြင့် ဆွဲ၍ လိမ့်ချကစားရသည့် ကစားနည်းဖြစ်သည်။ အဆိုပါ စတုရန်းတုံးကြီး၏ မျက်နှာပြင်တစ်ခုစီတွင် ဒေါင်း၊ ဆင်၊ ကျား၊ နဂါး၊ ဇော်ဂျီ နှင့် မြင်းရုပ်ကလေးများ ပါဝင်၍ ဝိုင်းအလယ်၏ ဗီနိုင်းကွက်တွင်လည်း အဆိုပါ အရုပ်များအတိုင်း အလျော်အစားပေးမည့် ပမာဏများအပေါ် ခန့်မှန်ပြီး ငွေစက္ကူများကိုချကာ လောင်းကြေးထပ် ကစားနေရသည်။

ထိုလောင်ကစားကြီးတန်းဝိုင်းများအနက် ဝိုင်းတစ်ဝိုင်းတွင် ကျပ်တစ်ထောင်တန် ငွေစက္ကူများကို ဆုပ်ကိုင် ထားရင်း ဒေါင်း၊ ဆင်၊ ကျား ၊ နဂါး၊ ဇော်၊ မြင်း စသည်ဖြင့် အော်ဟစ်နေကြသူများကြားထဲတွင် အသက် ၁၀ နှစ်မပြည့်သေးသည့် ကလေးငယ် ၄ ဦးပါဝင်ဆော့ကစားနေသည်။ ၎င်းတို့ ခန့်မှန်းချထားသည့်အရုပ်များ၏ အမည်နာမအတိုင်း အော်ဟစ်နေကြခြင်းဖြစ်သည်။

ကလေးငယ် ၄ ဦးမှာ အသက်အားဖြင့် ၈ နှစ် ၉ နှစ်ခန့်သာရှိနိုင်ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ သူတို့သည် ဝိုင်းအတွင်း ဒေသခံသက်ကြီးရွယ်အိုများအကြား ဝင်ရောက်ဆော့ကစားနေကြပြီး ဝိုင်းအတွင်း အော်ဟစ် နေကြသည့် လူကြီးများအတိုင်း လိုက်ပါအော်ဟစ်နေကြသည်။

“အရင်တုန်းကဆို ကလေးတွေ ဒီလောက်ကစားတာမတွေ့ဖူးဘူး။ ဒီနှစ်မှ ကလေးတွေကစားတာ ပိုများလာ တယ်။ အဓိကက လောင်းကစားစွဲနေတဲ့ မိဘတွေက သူတို့ကလေးတွေကို ပွဲထဲခေါ်လာတယ်။ ပြီးတော့ သူတို့ က ကစားတဲ့အခါ အာရုံမပျက်အောင် ကလေးတွေ ငြိမ်အောင်ဆိုပြီး ပိုက်ဆံပေးထားပြီး သူတို့ လုပ်ချင်တာလုပ်ပါ ဆိုပြီးလွှတ်ထားပေးတာ။” ဟု အခြေအနေကို သိရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည်။

ထိုကလေးငယ် ၄ ဦးထဲမှ အမျိုးသမီးငယ်တစ်ဦးမှာ မိခင်ဟုယူဆရသူ အမျိုးသမီးကြီးလည်း အနားတွင် ပါဝင်ဆော့ကစားနေပြီး သမီးငယ်ကို တစ်ထောင်တန် ငွေစက္ကူများကို ကိုယ်တိုင်ထုတ်ပေး၍ ဆော့ကစား စေခြင်းဖြစ်ကာ ကျန်ကလေးငယ်များမှာ မိမိတွင်ပါလာသည့် ငွေစက္ကူများဖြင့် ပါဝင်ဝိုင်းဖွဲ့ဆော့ ကစားနေ ကြခြင်းဖြစ်သည်။

အဆိုပါ လောင်းကစားဝိုင်းသည် တန်ဆောင်မုန်းလပြည့်ညက ဖားအံမြို့နှင့် မနီးအဝေးတွင်ရှိသည့် ဘုရား လုံကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် မဟာဘုံကထိန်ပွဲ၏ စုပေါင်းမီးပုံးပျံလွှတ်တင်ပွဲအပြီး ပျော်ပွဲ ရွှင်ပွဲ များတွင် အကောက်ကြေးယူ၍ ပါဝင်ထည့်သွင်းသည့် လောင်းကစားဝိုင်းများလည်း ဖြစ်သည်။

လောင်းကစားဝိုင်းအတွင်း အန်ကလုံဝိုင်းများအပြင် ငါးပစ်ဂိမ်းများ၊ အနီဒေါင် နှင့် အခြားသော လောင်းက စားနည်းမျိုးစုံပါဝင်ပြီး အနီဒေါင် ဝိုင်းကလွဲ၍ အန်ကလုံ နှင့် ငါးပစ်ဂိမ်းများတွင် ကလေးငယ်များအပြင် အသက် (၁၀) နှစ်ပတ်ဝန်းကျင်သာရှိသေးမည့် သာမဏေ(ကိုရင်ငယ်)လေးများပါ တစ်ဝိုင်းလုံးအပြည့် နေရာယူ ဆော့ကစားနေကြသည်။

ယခုလို လောင်ကစားဝိုင်းများတွင် အသက်မပြည့်သေးသည့် ကလေးငယ်များ ပါဝင်ကစားနေခြင်းအပေါ် ဒေသခံ အာဏာပိုင်းများက တားမြစ်ကန့်သတ်ပိတ်ပင်ခြင်းမျိုးမရှိသည့်အပြင် အလှူပွဲအတွင်း လောင်းကစားဝိုင်းများ ထည့်သွင်းခြင်းဖြင့် သိန်းဆယ်ချီ အကောက်ကြေးရယူကြသည်။

ပျော်ပွဲ ရွှင်ပွဲများတွင် လောင်းကစားဝိုင်းများ ထည့်သွင်းကြသည်မှာလည်း ဒေသအာဏာရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းများအပြင် ကျေးရွာတွင် ဩဇာရှိသည့် ဘာသာရေး ခေါင်းဆောင်များ ကိုယ်တိုင်ကပင် ဦးဆောင်ပါဝင်ကြသည်ဟု နီးစပ်သည့် ဒေသခံများက ပြောပြသည်။

ကရင်ပြည်နယ်၏ ကျေးရွာများတွင် အလှူပွဲများ နှင့် အခြားအထိမ်း အမှတ်ပွဲများတွင် အာဝါဒေး လောင်းကစား များ ထည့်သွင်းခြင်းမှာ ဒေသခံများအတွက် ထူးဆန်းသည့် အရာမဟုတ်ပေ။ သို့သော် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကာလများ၌ လောင်းကစား ဝိုင်းများတွင် အသက်မပြည့်သေးသည့် ကလေးငယ်များ ပိုမို ဆော့ကစားလာကြသည်ဟု ဆိုသည်။

“အခုက ပွဲတော်ရက် အစပဲရှိသေးတာ။ နောက်ကျရင် ပွဲတွေက ဆက်လာတော့မှာဆိုတော့ အဲ့ကျရင် ပိုဆိုး တယ်။ တချို့ရွာက လူတွေဆိုရင် ဒါကိုစွဲလမ်းနေကြတာ။ ငွေကို ဖြတ်လမ်းနည်းနဲ့ လိုချင်ကြတယ်။ တစ်ည လာဆော့လို့နိုင်ရင် နောက်ညတွေ ထပ်လာတယ်။ ပြီးရင် ရှုံးတော့ ရှုံးမဲ မဲပြီး ထပ်လာလိုက်တယ်။ ပြီးရင် ကုန်တာပါပဲ” ဟု အန်ကလုံလောင်းကစားဝိုင်းပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ရှင်းပြသည်။

ပွင့်လင်းရာသီ ရောက်သည်နှင့် ကရင်ပြည်နယ်၏ ကျေးရွာများတွင် ရာသီအလိုက်ပွဲတော်ရက်များအပြင် အလှူ အတန်းများဖြင့် စည်းကားလေ့ရှိသည်။ ထိုအလှူပွဲများကို အခွင့်ကောင်းယူပြီး ဒေသအာဏာပိုင်များက ဒေသတွင်း ဩဇာအာဏာရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကာအကွယ်ကိုရယူ၍ အာဝါဒေး လောင်းကစားများကို အခကြေးယူ၍ ထည့်သွင်းကြသည်။

ထိုထက်ဆိုးသည်မှာ နယ်ခြားစောင့်တပ်-BGF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်-DKBA ကဲ့သို့သော ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများက ဦးဆောင်၍ ကျေးရွာ များဘက်တွင် ဇာတ်ပွဲများသွင်း၍ လနှင့်ချီသည့် အာဝါဒေး လောင်းကစားဝိုင်းများကိုလည်း ဖွင့်လှစ်လေ့ရှိ ကြသည်။

၎င်းအပြင် စစ်ကောင်စီ ထိန်းချုပ်ရာ ဖားအံမြို့အနီး ကျေးရွာများ၊ လှိုင်းဘွဲမြို့အနီး ကျေးရွာများအပြင် တိုက်ပွဲ မရှိသည့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၇) နယ်မြေအတွင်းရှိ နဘူး၊ ပိုင်ကျုံ အစရှိသည့် ဒေသများဘက်တွင်လည်း လက်ရှိကာလအတွင်း အန်ကလုံဝိုင်းများဖြင့် စည်းကားနေလျက်ရှိသည်။

ယခုလို လောင်းကစားဝိုင်းများကို မြို့အနီးတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်ကျင်းပနေသော်လည်း စစ်ကောင်စီ ဘက်ကမျက်ကွယ်ပြုထားပေးသည်။ ကရင့်လက်နက်ကိုင်များ၏ ပါဝင်ပတ်သက်မှုများကြောင့်လည်း ဝင် ရောက်ပါဝင်ပတ်သက်မှုများ မပြုလုပ်ခြင်းလည်း ဖြစ်နိုင်သည်။

အလားတူ ဖားအံခရိုင်အတွင်း လောင်းကစားပွဲများ ပပျောက်နိုင်ရေးအတွက်ဟုဆိုကာ ကရင့်လက်နက်ကိုင် ၄ ဖွဲ့ဖြစ်သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၊ BGF၊ DKBA နှင့် (KNU /KNLA PC) ပါဝင်သည့် ကရင့် လက်နက်ကိုင်စည်းလုံးညီညွတ် ရေးအဖွဲ့ – UCKAG ၄ ဖွဲ့၏ ခေါင်းဆောင်များက သဘောတူလက်မှတ်ရေးထိုးပြီး ယခင်နှစ် ၂၀၂၃ခုနှစ်၊ မတ်လ ၂၉ရက် နေ့စွဲဖြင့် သက်ဆိုင်ရာမြို့နယ်၊ တပ်ရင်းနှင့် တပ်နယ် အသီးသီး ထိုတားမြစ်ချက်ကို ညွှန်ကြားထားဖူးသည်။

ထို့အပြင် လောင်ကစားနှင့် မူးယစ်ဆေးဝါး ပပျောက်ရေးတားမြစ်ချက်ပါသည့် ကရင့်လက်နက်ကိုင် စည်းလုံး ညီညွတ်ရေးအဖွဲ့ – UCKAG ၄ ဖွဲ့၏ ညွှန်ကြားချက် ဆိုင်းဘုတ်များကိုလည်း ယမန်နှစ်ကတည်းက ကျေးရွာများ တွင် လိုက်လံအသိပေး ကြော်ငြာထားသေးသည်။

သို့သော် စိုက်ထူထားသည့် ဆိုင်းဘုတ်ကြီးများ ဆွေးမြေ့ပျက်စီးသွားသော်လည်း ဖားအံခရိုင်၏ ပိုင်ကျုံ၊ လှိုင်းဘွဲ၊ ဒုံရင်း နှင့် နဘူးစသည့် မြို့နယ်ရှိ ကျေးရွာများတွင် BGF နှင့် KNU/ KNLA-PC တပ်ဖွဲ့ဝင်များက လုံခြုံ ရေးရယူထားသည့် လောင်းကစားဝိုင်းများက ဆက်လက် စည်းကားနေသေးသည်။

အန်ကလုံ လောင်းကစားဝိုင်းများကို အလှူပွဲများ၊ ဘုန်းကြီးပျံပွဲများ၊ အထိမ်းအမှတ်ပွဲများတွင်သာ တွေ့ရ လေ့ရှိသော်လည်း BGF ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ၏ ကျေးရွာတွင်မူ သေဆုံး သွားသူများ၏ အသုဘနေအိမ်များတွင်ပါ စည်ကားနေသည်ကို ထူးခြားစွာမြင်တွေ့ဖူးသည်။

လောင်းကစားဝိုင်းကို ဦးဆောင်ဖွင့်လှစ်ကြသူများမှာ လက်နက်ကိုင်အဖွဲ့ဝင် ခေါင်းဆောင်များ၊ ၎င်းတို့နှင့် နီးစပ်သူများအပြင် ဒေသတွင်း ဩဇာရှိ ဘာသာရေး ခေါင်းဆောင်များက ဖွင့်လှစ်ကြပြီး လောင်းကစားဝိုင်း လှည့်လည်ဖွင့်လှစ်ကြသူများကမူ ကရင်ပြည်နယ်ဒေသခံများမဟုတ်သည့် အခြားအရပ်ဒေသက လာသော ဒေသခံများဖြစ်ကြသည်။

သို့သော် လောင်းကစားဝိုင်းများကို အဓိက ကစားနေကြသူများမှာ ဒေသခံ ကျေးရွာသားများဖြစ်သော်လည်း အဆိုပါ လောင်းကစားကြောင့် ချမ်းသာသွားသူများမရှိပေ။ လောင်းကစားဝိုင်း၏ အကျိုးအပြစ်များကို ဒေသခံ များက သာခံစားကြရပြီး နောက်ဆုံးတွင် ဦးဆောင်ဖွင့် လှစ်သူများ နှင့် လောင်းကစားဝိုင်းပိုင်ရှင်များကသာ အကျိုးအမြတ်များရရှိခဲ့ကြသည်။

အဆိုပါ လောင်းကစားဝိုင်းများကြောင့်ပင် ကျေးရွာအချို့တွင် ခိုးဆိုးလုယက်မှုများ ပေါများလာသလို ဖြတ်လမ်းနည်းဖြင့် ငွေရှာလိုသူများ၏ လောင်းကစားအရှုံးများကြောင့် အိမ်တွင်းအကြမ်းဖက်မှုများ၊ လူမှုစီးပွားပျက်စီးခြင်းများပါ နောက်ဆက်တွဲ ရင်ဆိုင်လာကြရသည်။

ထိုသို့ ငွေရလွယ်သည့် လောင်းကစားဝိုင်းများကြောင့်ပင် ဒေသခံလူငယ်အချို့က အန်ကလုံလို ဝိုင်းများကို ဝယ်ယူခြင်း၊ ငှားယူခြင်းများ ပြုလုပ်၍ လှည့်လည်ဖွင့်လှစ်၍ ဝင်ငွေရှာကြသူအချို့လည်းရှိလာကြသည်။

မည်သို့ပင်ဆိုစေကာမူ ဖြတ်လမ်းနည်းဖြင့် ငွေရှာလိုသည့် ယခုလိုလောင်းကစားဝိုင်းများတွင် အတုမြင်အတတ် သင်လာသည့် အသက်မပြည့်သေးသော ကလေးငယ်များ ပိုမိုဆော့ကစားလာခြင်းမှာ အနာဂတ်ကြယ်ပွင့်များ၊ အနာဂတ်ပန်းကလေးများဟု တင်စားခေါ်ဝေါ်ကြသည့် ကလေးငယ်များ၏ အနာဂတ်နှင့် ပတ်ဝန်း ကျင်ကောင်းတစ်ခုအတွက် ကောင်းမွန်သည့် လက္ခဏာများ ဆောင်ကြဉ်းလာမည်မဟုတ်ပေ။

ထို့အတွက် ပါဝင်ပတ်သက်နေကြသည့် ဒေသတွင်း အာဏာပိုင်ခေါင်းဆောင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဩဇာ အာဏာရှိသည့် ဘာသာရေးခေါင်းဆောင်များအပြင် လောင်းကစားအပေါ် စွဲလမ်းနှစ်သက်နေကြသည့် မိဘများကိုယ်တိုင်ပင် တာဝန်အရှိဆုံးသူများပင်ဖြစ်သည်။ ……