နိုဝင်ဘာ ၂၇ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ရဲဘော်တစ်ဦးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်းက သတ်ဖြတ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ မှန်ကန်သည့် ဖြေရှင်းချက်ပေးရန် နိုဝင်ဘာ ၂၇ ရက်နေ့တွင် အသိပေးစာတစ်စောင် ထုတ်ပြန်ကာ ပြောဆိုသည်။
ဘိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၇)မှ ရဲဘော်တစ်ဦးဖြစ်သည့် ဦးမောင်နိုင်ဆိုသူကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၁)က နိုဝင်ဘာ ၂၅ရက်နေ့တွင် ကိစ္စရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု KNDO ထုတ်ပြန်ချက်ထဲ၌ ပြောဆိုထားသည်။
အဆိုပါ သတ်ဖြတ်မှုအပေါ် လွန်စွာတုန်လှုပ်ချောက်ချားဖြစ်ရသည့်အတွက် မည်သည့်အကြောင်းရင်းနှင့် သတ်ဖြတ်ရသည်ကို မှန်ကန်သည့် ဖြေရှင်းချက်ပေးရန် KNDO ဘက်က မြိတ်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့သို့ ယခုလို စာထုတ်အသိပေးပြောဆိုခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက “မုဒိမ်း ကျင့်တယ်လို့ စွပ်စွဲပြီးသတ်ဖြတ်တယ်လို့ သူတို့ဘက်က ပြောတာရှိတယ်။ ဒါကိုဖြေရှင်းဖို့ လုပ်ရမှာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ KNDO ရဲဘော် ဖြစ်သည့် ဦးမောင်နိုင် သတ်ဖြတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ပုလောပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ မြိတ်ခရိုင်တပ်ရင်း(၁) တပ်ခွဲ(၁)ကို ကေအိုင်စီက ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိဖြစ်နေသေးသည်။
သတ်ဖြတ်ခံရသည့် ရဲဘော် ဦးမောင်နိုင်ဆိုသူသည် တော်လှန်ရေးလုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် နယ်သာလန်နိုင်ငံမှ ပြန်လာပြီး ပုလောနယ်မြေအတွင်းရှိ လက်နက်ကိုင် အဖွဲ့များအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးနေသူ ရဲဘော်တစ်ဦးဖြစ်သည်ဟု KNDO ပြောဆိုသည်။