နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်း လမ်းပိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၄) ရက်နေ့က အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသဖြင့် လက်ရှိတွင် ဆေးကုသမှုအကူအညီလိုအပ်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ သိရသည်။
မော်လမြိုင်မြို့မှ ဖာပွန်မြို့ ရှိ ဘော့ကျိုးလယ်ရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသား ဇနီးနှင့် သားဖြစ်သူ အရပ်သားမိသားစုဝင် ၃ ဦးမှာ ဆိုင်ကယ်ဖြင့် မြေမြှုပ်မိုင်းနင်းမိသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသား ဖြစ်သူမှာ ဒဏ်ရာပြင်းထန်သဖြင့် ကမမောင်းဆေးရုံမှ ဖားအံဆေးရုံသို့ အဆင့်ဆင့် ပို့ဆောင်ခဲ့ပြီး ရန်ကုန်မြို့သို့ လွှဲပြောင်းရမည် ဖြစ်၍ အခက်အခဲ ဖြစ်နေကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
၎င်းမိသားစုဝင်က “ ဒဏ်ရာက ပြင်းထန်ပြီးတော့ စိုးရိမ်ရတော့ ဆရာဝန်က ရန်ကုန်မှာ သွားပြဖို့ ပြောတယ်။ မိုင်း အစတွေက နက်နဲတာရယ်၊ ဆေးပစ္စည်းတွေလည်း မလုံလောက်လို့ သူတို့လည်း မလုပ်ရဲဘူး။ ဆေးသွား ကုဖို့ကလည်း အဆင်မပြေဘူး။ ငွေရေးကြေးရေး အကူအညီ လိုတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ မိသားစုဝင် သုံးဦးအနက် ဇနီးဖြစ်သူနှင့် သားဖြစ်သူမှာ မိုင်းစထိမှန်၍ အသေးစားဒဏ်ရာသာ ရရှိခဲ့ သော်လည်း အမျိုးသားဖြစ်သူမှာ မျက်နှာနှင့် ပေါင်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်း မိသားစုဝင်က ဆက်ပြောသည်။
၎င်းမိသားစုဝင် ၃ ဦး မိုင်းထိမှန်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် နီးစပ်သည့် ဖာပွန်-ကမမောင်း ကယ်ဆယ်ရေးအဖွဲ့က ကနဦးတွင် ကမမောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် ဖားအံဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေး အဖွဲ့က ပြောသည်။
“ အမျိုးသမီးက ဘော့ကျိုလယ်ရွာမှာ နေတယ်။ အမျိုးသားက မော်လမြိုင်က။ ရွာကို ပြန်လာလည်တာ။ လမ်းအခြေအနေ သူမသိလိုက်ဘူးပေါ့။ ဆိုင်ကယ်နဲ့ စီးလာရင်း မိုင်းမိတာ။ သုံးယောက်လုံးထိတယ်။ အခြေအနေအရ ကလေးက သက်သာတယ်။ အမျိုးသားက ဒဏ်ရာများတယ်။ “ ဟု ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ မြေမြှုပ်မိုင်းမှာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ ထောင်ထားသည့် မိုင်းဖြစ်သည်ကို မသိရှိရသော်လည်း ၎င်းဒေသမှာ စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) လက်နက်ကိုင်အဖွဲ့များ အပါအဝင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သွားလာလှုပ်ရှားနေသည့် နယ်မြေဖြစ်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။