နိုဝင်ဘာ ၂၈၊ ၂၀၂၄။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုး ဒုက္ခသည် စခန်း၌ ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နေအိမ် ၃ လုံး မီးလောင်မှု ဖြစ်ပွား ခဲ့သည်ဟု စခန်းတွင်းနေထိုင်သူများက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ မီးလောင်မှုသည် လျှပ်စစ်မီးကြိုး (Shock) ဖြစ်ရာမှ စတင်မီးလောင်ခဲ့ပြီး ၎င်းမှတစ်ဆင့် ဂက်စ်အိုးရှိရာ အနီးသို့ မီးကူးသွားခဲ့သည့်အတွက် ပေါက်ကွဲခဲ့ပြီး မီးလောင်မှုများ ပိုမိုပြင်းထန် သွားခဲ့ခြင်းဖြစ်သည်ဟု နို့ဖိုးစခန်းအတွင်း နေထိုင်သူတစ်ဦးက ယခုလို ပြောသည်။
“အခုလောင်တာက လျှပ်စစ်မီးကြိုး shock ကနေတဆင့် စတင်တယ်လို့ သိရတယ်။ စစလောင်ချင်းမှာ ငြိမ်းသတ် ဖို့ ကြိုးစားပေမဲ့ ဂက်စ်အိုးရှိပီး ပေါက်တာကြောင့် မီးပိုပြင်းလာတဲ့အတွက် လူအင်အားနဲ့မနိုင်ပဲ မီးသတ်ကား ရောက်လာမှ ငြိမ်းသွားတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ယခု မီးလောင်မှုတွင် စခန်းရှိ နေအိမ် ၃ လုံး မီးလောင်သွားသည်ဟု သိရပြီး နို့ဖိုး စခန်းအတွင်းရှိ နေအိမ်အများစု ကို သွပ်အမိုးအကာများဖြင့် ယာယီတည်ဆောက်ထားသည့်အတွက် မီးလောင်ချိန်တွင် မီးကူးစက်မှုနည်းပါး ခဲ့သည်ဟု စခန်းတွင်းနေထိုင်သူ အခြားတဦးက ပြောသည်။
“မီးလောင်တဲ့ဆရာမအိမ်နဲ့ အနီးကအိမ် စုစုပေါင်း ၂ အိမ် သို့မဟုတ် ၃အိမ် ပါသွားတယ်။ ဆရာမက စခန်းရုံးမှာ အလုပ်လုပ်တယ်။ မီးစတင်လောင်တဲ့အိမ်တချို့မှာ သွပ်အမိုးအကာနဲ့ ဆောက်ထားတာကြောင့် မီးက တခြားအိမ်ကို ကူးစက်ဖို့ အလားအလာ နည်းသွားခဲ့ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
မြန်မာပြည် အရှေ့တောင်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေကြောင့် စစ်ဘေးသင့်သူများ ထိုင်းနိုင်ငံ အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၁၉၈၄ ခုနှစ်တွင် ထိုင်းအစိုးရက ဒုက္ခသည်စခန်းများ တည်ထောင်ခွင့် ပြုခဲ့ရာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်း ၉ ခုထဲမှ အဆိုပါ နို့ဖိုးစခန်းသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။