အောက်တိုဘာ ၂၈ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကျိုက်ပွန်ကျေးရွာရှိ ဘိုးဘွားပိုင် မြေပေါ်တွင် ငြိမ်းချမ်းရေးကောင်စီ-PC ဗဟိုဌာနချုပ်၊ အခြေချဗျူဟာဆိုင်းဘုတ်ကို မူလပိုင်ရှင် သားဖြစ်သူ အဆိုပါ အဖွဲ့၏ ဗိုလ်မှူးတစ်ဦးက ဖြုတ်ချလိုက်သည့်အတွက် ဖမ်းဆီးထားခြင်းခံလိုက်ရသည်ဟု မိသားစုဝင်များက ပြောသည်။
အဆိုပါ ဖမ်းဆီးချုပ်နှောင်ခံရသူသည် မြေပိုင်ရှင်အမည်ပေါက်ဖြစ်သူ နော်မသန်းမြင့်၏ သားဖြစ်ပြီး ငြိမ်းချမ်းရေးကောင်စီ- PC အဖွဲ့၏ ဗိုလ်မှူးစောချစ်ဝင်းဆိုသူ ဖြစ်သည်။ သူသည် အောက်တိုဘာ ၁၁ ရက်နေ့တွင် မိခင်ဖြစ်သူ ပိုင်ဆိုင်သည့် မြေပေါ်တွင် ငြိမ်းချမ်းရေးကောင်စီ အခြေချဗျူဟာ(၇)က ထောင်ထားသည့် ဆိုင်းဘုတ်ကို သွားဖြုတ်ပြီးနောက် တပ်ဖွဲ့၏ ဖမ်းဆီးချုပ်နှောင်ခံလိုက် ရခြင်းဖြစ်သည်။
ယခုလို ဖမ်းဆီးထားချိန်တွင် အချုပ်၌ ရာဇဝတ်သားကဲ့သို့ ထားရှိပြီး ရိုက်နှက်ခံရသည့် သွင်ပြင် လက္ခဏာ များကို တွေ့ရသည်ဟု အချုပ်သို့ သွားရောက်တွေ့ဆုံခဲ့သူ လုပ်ဖော်ကိုင်ဖက်နှင့် မိသားစုဝင်များက ကေအိုင်စီသို့ ပြောသည်။
“အဲဒီမြေက ငြိမ်းချမ်းရေးကောင်စီမြေနဲ့ဘာမှ မပတ်သက်ဘူး။ စောချစ်ဝင်းက ငြိမ်းချမ်းရေးကောင်စီ ဖြစ်ပေမယ့်လည်း အဲဒီခြံက သူ့အမေပိုင်ခြံ။ သူဆိုင်းဘုတ်သွားဖြုတ်ပြီး ဌာနချုပ်ကို အဲဒီဆိုင်း ဘုတ်ယူ သွားတဲ့အချိန် ဟိုမှာရောက်တော့ အဖမ်းခံရတယ်။ ဖမ်းထားတာက ရိုးရိုးမဟုတ်ဘူး၊ သံကြိုးနဲ့ ခြေထောက်ကိုချည်ထားတာ အပြစ်သားတယောက်လို ဖြစ်တယ်။ သွားတွေ့တော့မျက်နှာတွေလည်း ဖူးရောင်နေတယ်။ သူတို့ ငြိမ်းချမ်းရေးကောင်စီမှာ ဒီလိုပဲ တပ်ဖွဲ့ဝင်တွေကို နိုင်တဲ့လူက နှိပ်စပ်တာခံရတာလား မေးချင်တယ်” ဟု စောချစ်ဝင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ ဘိုးဘွားပိုင်မြေသည် ၅၈ ဧကရှိသည့် ရော်ဘာခြံဖြစ်ပြီး စောချစ်ဝင်း မိခင်အမည်ဖြင့် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးက တရားဝင်ပြေစာထုတ်ပေးထားသည့် မြေဖြစ်သည်။ ထိုသို့ ပြေစာများရှိသော်လည်း ဆိုင်းဘုတ်သွားထောင်သူ ငြိမ်းချမ်းရေးကောင်စီ-PC ဗျူဟာမှူး ကျော်ကျော်ဆိုသူက လက်မခံသလို ထိုမြေများကို ပြန်မရပါက လွှတ်ပေးမည်မဟုတ်ဟု ပြောဆို ထားသည်ဟု စောချစ်ဝင်းနှင့် နီးစပ်သူများက ပြောသည်။
ထိုမြေသည် စစ်ဗျူဟာမှူ ဗိုလ်ကျော်ကျော်နှင့် တိုက်ရိုက်ပတ်သက်မှု လုံးဝမရှိသလို မြေပိုင်ရှင်နှင့် ပြဿနာဖြစ်သူက တိုင်ကြားသည့်အတွက် အဆိုပါဗျူဟာမှူးက လုပ်ဆောင်ပေးခြင်းဖြစ်သည်ဟု ကနဦး သိရသည်။ ထို့ကြောင့် ယခု ခြံမြေအငြင်းပွားမှုပြဿနာကို ဆိုင်ရာ ငြိမ်းချမ်းရေးကောင်စီ-PC အနေဖြင့် တရားမျှတစွာ ဖြေရှင်းပေးစေလိုပြီး ရာဇဝတ်အပြစ်သားလို ဖမ်းဆီးချုပ်နှောင်ထားသူကို လွှတ်ပေးရန် မိသားစုဝင်များက လိုလားလျက်ရှိသည်ဟု ပြောသည်။
လက်ရှိဖြစ်ပွားသည့် ပြဿနာသည် တပ်ဖွဲ့ဝင်အချင်းချင်းကြား ဖြစ်သည့်ပြဿနာဖြစ်၍ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိ သူများက ဖြေရှင်းပေးသွားမည်ဟု ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အုပ်ချုပ်ရေးပိုင်း ခေါင်းဆောင်များဘက်က ပြောဆိုထားသည်ဟု မိသားစုဝင်များထံမှ သိရသည်။
ငြိမ်းချမ်းရေးကောင်စီ-PC စစ်ထောက်ချုပ်စောလေးစိုးက “အဲဒီကိစ္စကို သူ့မိန်းမ ကျနော့်ကိုတစ်ခါ ဖုန်းဆက်ပြောတယ်။ ကျနော်လည်း တိတိကျကျ မစစ်ဆေးရသေးဘူး။ အတွင်းရေးမှူးကို မေးရင် သူဘုရားဖူးသွားတာ အခုမှ ပြန်ရောက်တော့ သိတဲ့လူတော့မရှိဘူး ထင်တယ်။ ဒီကိစ္စကို လူကြီးစုံမှ သူတို့ ဝိုင်းဖြေရှင်းပေးမယ်” ဟု ကေအိုင်စီသို့ အောက်တိုဘာ ၂၈ ရက်၊ ယနေ့တွင် ပြောသည်။
အငြင်းပွားပြဿနာဖြစ်ပွားသည့် ရော်ဘာခြံမြေသည် စောချစ်ဝင်း၏ မိခင်နော်မသန်းမြင့်၏ ဘိုးဘွားပိုင်မြေဖြစ်ပြီး နော်အေးအေးမြင့်ဆိုသူနှင့် မြေယာအငြင်းပွားမှု ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းမြေ ပေါ်တွင် နော်အေးအေးမြင့်စိုက်ပျိုးထားသည့် ရော်ဘာပင်များကို ၂၀၂၅ ခုနှစ် အကုန်တွင် အပြီး ခုတ်ထွင်ပြီး မူလပိုင်ရှင် နော်မသန်းမြင့်ထံ ပြန်လွှဲပြောင်းရမည်ဟု ငြိမ်းချမ်းရေးကောင်စီ တရားရုံးက ယခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် စီရင်ချက်ချထားပြီးဖြစ်သည်ဟု သိရသည်။