Home သတင်း တနင်္သာရီမြစ်ဘေးရှိ ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်းဆုတ်ခွာပြီးပုလောတပ်စခန်းတွင်ပြန်ပူးပေါင်း

တနင်္သာရီမြစ်ဘေးရှိ ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်းဆုတ်ခွာပြီးပုလောတပ်စခန်းတွင်ပြန်ပူးပေါင်း

821

ဇွန်လ၊ ၁၇ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄)၊ လယ်မူလား မြို့နယ် တနင်္သာရီမြစ်ဘေးရှိ ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၅ရက်နေ့က တပ်စ ခန်း စွန့်ခွာသွားပြီး ပုလောမြို့ရှိ တပ်စခန်းထံသို့ ပြန်ပူးပေါင်းသွားကြောင်း ကေအဲန်ယူ တပ်မဟာ(၄) ဘက်မှ ဆိုသည်။

ထိုဒေသရှိ ဝေ့တူးလေ့(အောင်သာဝရ) စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်တွင် ကျောက် လုံးကြီးကျေးရွာတွင်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းတွင် ဆက်လက်မနေရဲတော့သည့်အတွက် စခန်းဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၄) တာဝန်ရှိသူဘက်က ယခုလိုဆိုသည်။

ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက “သူတို့က ကရင်လူထုတွေ နေထိုင်တဲ့ကျောက်လုံးကြီး ရွာထဲမှာ စခန်းချနေတာ။ ပြန်နောက်ဆုတ်သွားတာ တစ်ရက်ဘဲရှိသေးတယ်။ ကျန်တဲ့စခန်းကြီးတွေက ဘယ်လို လာမလဲမသိသေးဘူး။ အခုသူတို့စခန်းကို တက်ရောက်ရှင်းနေတုန်းဘဲ။” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ကျောက်လုံးကြီးစခန်းတွင် အခြေချနေသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၂၈၅) တပ်မှာ စစ်ကြောင်း(၂)ဖြစ်ပြီး အင်အား (၆၀) ကျော်ရှိကာ စခန်းဆုတ်ခွာပြီးနောက် ပုလောမြို့လမ်းမကြီးဘေးရှိ ၎င်းတို့ တပ်စခန်းတစ်ခုတွင် အင်အားပြန်လည်စုစည်းသည်ဟုလည်း ပဒိုစောအယ်နာကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က နှစ်ပေါင်း ၂၇ နှစ်ကြာ အခြေစိုက်သည့် ဝေ့တူးလေ့(အောင်သာဝရ) တပ်စခန်းကို ကရင်အမျိုုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDFပူးပေါင်းတပ်ဖွဲ့တို့မှ တက်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးကာ အယောက် ၃၀ကျော် ထွက်ပြေးလွတ် မြောက်သွားပြီး စခန်းတွင်ကျန်ရှိသည့် လက်နက်အများအပြား သိမ်းဆည်းရခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ(၄) ဘက်က ထုတ်ပြန်ထားသည်။

စခန်းတိုက်ခိုက်သိမ်းပိုက်ပြီးသည့် တစ်ရက်ထဲတွင် စစ်ကောင်စီတပ်ဘက်မှ အဆိုပါဒေသရှိ KNDO တပ်ရင်း(၇) ရုံးထိုင်ရာ တိုတယ်ထတွင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သွားသည့်အတွက် အသက် ၂၆နှစ်ရှိ ဆေးဆရာမ နော်ဖောအယ်မူး နှင့် အသက် (၅၃)နှစ်ရှိ နော်အဲတို့နှစ်ဦး သေဆုံးသွားကာ အဆောက်အဦး(၃)လုံး ထိခိုက် ပျက်ဆီးသွားရခြင်းလည်းရှိသည်။