Home သတင်း ရွှေကုက္ကိုလ်မြို့ ကျားဖြန့်လုပ်ငန်းမှ အလုပ်သမားအချို့ အလုပ်ဖြုတ်ခံရသူများရှိလာ

ရွှေကုက္ကိုလ်မြို့ ကျားဖြန့်လုပ်ငန်းမှ အလုပ်သမားအချို့ အလုပ်ဖြုတ်ခံရသူများရှိလာ

1196
Photo: CJ

ဇွန်လ ၂၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရွှေကုက္ကိုလ်မြို့အပါအဝင် မြဝတီမြို့နယ်ဒေသတဝိုက်ရှိ အွန်လိုင်း (Online) ကျားဖြန့် လုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို ထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ်(BGF)က အသိပေးထုတ်ပြန်ပြီးနောက် ရွှေကုက္ကိုလ်မြို့ပေါ်ရှိ ကျားဖြန့် အွန်ငွေလိမ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမားအချို့ အလုပ်ဖြုတ်ခံရသူများရှိလာကြောင်း ၎င်းအလုပ်သမားများထံမှ သိရသည်။

BGF ၏ အသိပေးစာထုတ်ပြန်လိုက်ပြီးသည့်နောက်ပိုင်း ၎င်းဒေသတွင် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားအချို့မှာ လာအို၊ ဗီယက်နမ်စသည့် နယ်စပ်ဒေသများသို့ ထွက်ခွာသွားကြပြီး ကျန်ရှိသည့် တရုတ်သူဌေးများက ၎င်းတို့၏ လုပ်ငန်း တွင်ကျယ်မှုကျဆင်းနေ၍ အလုပ်သမားများကို အလုပ်ဖြုတ်မှုများ ပြုလုပ်လာကြောင်း အမည်မဖော်လိုသည့် အလုပ်ဖြုတ်ခံရသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ပိုက်ဆံလိမ်တဲ့အတိုင်းလုပ်တာက လစာပိုရတယ်။ ကိုယ်တွေက လူပဲရှာရတာ ရာခိုင်နှုန်းမရဘူး။ အလုပ်လုပ် နေရင်း တန်းလန်းနဲ့ကိုထုတ်လိုက်တာ။ တရုတ်သူဌေးပြောတာက နင့်ကိုလူရှာမနိုင်လို့ ထုတ်လိုက်ပြီးတဲ့။ ပြောရရင် လိမ်နိုင်တဲ့လူပဲ သူတို့ကြိုက်ကြတယ်။ တရုတ်ဆိုက်က အလုပ်သမားတွေ လည်းအလုပ်ဖြုတ်ခံထိတယ်။ နစ်နာကြေးတွေ လည်းမရဘူး။ ၁၀ လပိုင်းထွက်ရမယ်ဆိုတဲ့ စာထုတ်လိုက်တော့ တရုတ်တွေမနေရဲတော့ဘူး။ အလုပ်တွေလည်း မကောင်းတော့ အလုပ်သမားတွေကို ထုတ်တာပေါ့” ဟု ကေအိုင်စီ သို့ပြောသည်။

ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအား နှင့် အာရုံစိုက်မှု ခံလာရသည့် BGF အနေဖြင့် ယခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ အောက်တိုဘာလကုန် နောက်ဆုံးထားပြီး ဝင်ရောက်လာသည့် နိုင်ငံခြား သားများကို မိမိလာရာလမ်းအတိုင်း ထွက်ခွာပေးကြရန် သတိပေးစာများထုတ်ပြန်ခဲ့သည်။

ထို့အပြင် တရုတ်ဂိုဏ်း၏ ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် နယ်ခြားစောင့်တပ် (BGF) ခေါင်း ဆောင် ၃ ဦးမှ အဓိက ပါဝင်ပတ်သက်နေကြောင်း United States Institute of Peace (USIP)အဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသလို BGF ၏ ပါဝင်ပတ်သက်မှု အသေးစိတ်ကိုလည်း Justice For Myanmar (JMF) ကလည်း ထုတ်ပြန်ထားသည်။

ယခုလို အားရုံစိုက် ကန့်ကွက်မှုများကြုံတွေ့ရသောကြောင့် အလုပ်သမားများကို အလုပ်ဖြုတ်မှုများ ပြုလုပ်လာသော်လည်း ရွှေကုက္ကိုလ်မြို့သစ်တွင် အဆောက်အဦးသစ်များ ထပ်မံတိုးချဲ့ ဆောက်လုပ်မှုများ ရှိနေပြီး အာရှတွင် အကြီးဆုံး ကုန်တိုက်များဆောက်လုပ်ရန် မြေနေရာများ သတ်မှတ်ထားမှုများရှိကြောင်းလည်း နောက်ထပ် ငွေလိမ်လုပ်ငန်းမှ အလုပ်သမားတစ်ဦးက ပြောသည်။

“ကိုယ်တွေဆိုက်မှာတော့ ၁၀ ယောက်လောက်ရှိတယ်။ တခြားတရုတ်ဆိုက်တွေလည်း လူလျှော့တယ်။ ဒေဝါလီခံလိုက် ရတဲ့ ကုမ္ပဏီတွေလည်းရှိတယ်။ ကုက္ကိုလ်မှာက အလုပ်တွေရှားလာတယ်။ ကာစီနို KTV တွေလုပ်ဖို့ သူတို့တိုက်အသစ် တွေထပ်ဆောက်နေတယ်။ အာရှမှာအကြီးဆုံး ကုန်တိုက်တွေလည်း ဆောက်ဖို့ သူတို့မြေနေရာဆွဲထားပြီးပြီ။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

ထိုင်း−မြန်မာနယ်စပ်တလျှောက်ရှိ အွန်လိုင်း ငွေလိမ်လုပ်ငန်းနှင့် ကာစီနိုလောင်းကစားရုံများအများဆုံး ရှိသည့် ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်စသည့် နေရာများကို ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ်စစ်ဓာတ်အားလိုင်းနှင့် အင်တာ နက်လိုင်းများ ဖြတ်တောက်ထားသော်လည်း အဆိုပါ လုပ်ငန်းများ လက်ရှိအချိန်ထိ လည်ပတ် လုပ်ကိုင် နေလျက်ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။