Home သတင်း တပ်မဟာ ၃ တွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိခင်သေဆုံးပြီး ကလေးငယ်ဖြစ်သူ ထိခိုက်ဒဏ်ရာရ

တပ်မဟာ ၃ တွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိခင်သေဆုံးပြီး ကလေးငယ်ဖြစ်သူ ထိခိုက်ဒဏ်ရာရ

560
Photo- KNU

ဇွန်လ ၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေ လယ်ဒို(ကျောက်ကြီး)မြို့နယ်ရှိ တောင်ခင်ကျေးရွာအတွင်း မေလ ၃၁ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် သားအမိနှစ်ဦး ကျည်ထိမှန်၍ မိခင်ဖြစ်သူသေဆုံးပြီး ကလေးငယ်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ကျောက်ကြီးမြို့နယ် ပြောခွင့်ရပဒိုစောဝါးမူးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ−၂၆၄)တပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိလဲ ၁၂၀ မမလက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သားအမိနှစ်ယောက်ကျည်ထိမှန်ခဲ့ပြီး အသက် ၃၆ နှစ်ရှိ မိခင်ဒေါ်ပန်းနုမွန်ဖြစ်သူက သွေးထွက်လွန်ကာ သေဆုံးခဲ့ရပြီး အသက် ၇ နှစ် အရွယ်ရှိသည့် ကလေးငယ်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ကျောက်ကြီးမြို့နယ် ပြောခွင့်ရ ပဒိုစောဝါးမူးက ယခုလိုပြောသည်။

“တိုက်ပွဲမရှိဘဲနဲ့ ညအချိန်မှာသူတို့လက်နက်ကြီးပစ်တော့ သားအမိ ၂ ယောက်ထိ သွားတယ်။ အမေက ကျည်ထိထိချင်းမသေးဘူး။ သွေးထွက်လွန်ပြီးမှ အမေကဆုံးတယ်။ သမီးကတော့ ဒဏ်ရာရ ထားတယ်”ဟု ပဒိုစောဝါးမူးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများဘက်ကို ဂျက်ဖိုက် တာဖြင့် တပြိုင်နက် လာရောက်ဗုံးကြဲခြင်းကြောင့်လည်း ရုံးအတွင်းမှ အဆောက်အဦး ၃ လုံး ထိခိုက် ပျက်စီးခဲ့သည်ဟုလည်း ပြောခွင့်ရ ပဒိုစောဝါးမူး ဖြည့်စွက်ပြောဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုသာမက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှု အများ ဆုံးဖြစ်သော ညောင်လေးပင်ခရိုင်အတွင်းရှိကျေးရွာများသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ စစ်တပ်က လက်နက်ကြီး အလုံးပေါင်း (၁၀၀)ကျော် ပစ်ခတ်ခဲ့ရာတွင် အရပ်သား ပြည်သူပိုင် နေအိမ် (၃၀)ကျော် ထိခိုက်ပျက်စီးပြီး အသက်(၉)နှစ် အရွယ် ကလေးငယ် (၁) ဦးသေဆုံးခဲ့ရသည်ဟု KNU ၏ သတင်းထုတ်ပြန်ထားချက်အရ ဖော်ပြထားသည်။

အလားတူ စစ်ရေးပဋိပက္ခများကြောင့် ခရိုင်အတွင်း ယနေ့ထက်ထိ နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစု ပေါင်းသိန်းချီရှိနေသလို စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့်ဆေးဝါး အကူအညီများလည်း လိုအပ်လျက်ရှိကြောင်းလည်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသည့် ကရင်လူမှုအခြေပြု အဖွဲ့အစည်းများထံမှ သိရသည်။