Home သတင်း စုကလိစခန်းကျပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မုလအိတောင်ခြေဧရိယာသို့ ထွက်ပြေး

စုကလိစခန်းကျပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မုလအိတောင်ခြေဧရိယာသို့ ထွက်ပြေး

897
Photo: SOG

ဇွန်လ(၁၉)ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)ဒေသ မြဝတီ တောင်ဘက်ရှိ စစ်ကောင်စီ၏ စုကလိ စစ်ဆင်ရေးခြေကုတ်စခန်းကို ဇွန်လ ၁၇ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO နှင့် PDF တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ တက်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ဆင်ရေး တာဝန်ရှိသူများပြောသည်။

တပ်ဖွဲ့ဝင်အင်အား ၅၀ ဝန်းကျင်ခန့်ရှိသည့် အဆိုပါစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့သေဆုံးခဲ့သလို ကျန်တပ်ဖွဲ့ဝင်များမှာ မုလအိ တောင်ခြေကျေးရွာများဘက်သို့ ထွက်ပြေးသွားကြပြီး စခန်း အတွင်းသေဆုံးနေသည့် စစ်ကောင်စီအလောင်းအောက်တွင် လက်နက်များဝှက်ထားခဲ့ကြကြောင်း မြေပြင် တပ်မှူးတစ်ဦးက ယခုလိုပြောသည်။

“စခန်းတော့ကျသွားပြီး။ သေဆုံးတဲ့အရေအတွက်တွေကတော့ အချက်အလက် အစုံတော့ တရားဝင် မထုတ်ပြန် ရသေးဘူး။ ထွက်ပြေးတဲ့ စစ်သားတချို့ကတော့ မုလအိတောင်ခြေကရွာတွေမှာ ပြီးတော့ တောတွေထဲမှာ ထွက် ပြေးတယ်။ သူတို့ကို ဘယ်လိုပိတ်ဆို့မှုတွေရှိမလဲတော့ မသိရသေးဘူး။” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ စုကလိ စခန်းတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၅၆၀) နှင့် ခြေလျင်တပ်ရင်း(ခလရ-၃၂) တို့မှ အခြေချ တပ်စွဲထားခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ခိုက်မှုမတိုင်ခင်ကတည်းက လက်နက်ချ ပူးပေါင်းရန် တော်လှန် ရေး တပ်ဖွဲ့ဘက်က စာပေးပို့ အကြောင်းကြားခဲ့သေးသည်။

Photo: SOG

အဆိုပါ အကြောင်းကြားစာကို KNLA (၁၀၃) တပ်ရင်းမှူး နှင့် KNDO တပ်ရင်း(၈) တပ်ရင်းမှူးတို့က စုကလိ စခန်းရှိ (ခမရ-၅၆၀)တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးသူရိန်ဦး (စုကလိလှုပ်ရှား) နှင့် (ခလရ-၃၂) စုကလိ စခန်းထိုင် တပ်မှူးအပြင် တပ်ဖွဲ့ဝင်များအား ပေးပို့ခဲ့သော်လည်း လက်နက်ချပူးပေါင်းခြင်းမရှိသောကြောင့် ယခုလို တိုက် ခိုက်သိမ်းပိုက်ခံရခြင်းလည်းဖြစ်သည်။

စခန်းသိမ်းယူတိုက်ခိုက်မှုအပြီး လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းယူနိုင်ခဲ့သော်လည်း အသေးစိတ် ထုတ်ပြန်လာ ခြင်းမရှိသေးသလို စခန်းသိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့(SOG)ကလည်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ သည်။

မြဝတီ တောင်ဘက် ဒေါနအရှေ့ဘက်ခြမ်းရှိ ဝေါ်လေဒေသတွင် လက်ရှိအချိန်တွင် ဝေါ်လေ၊ ထီးက ပလယ်၊ သေဘောဘိုး၊ ဘလယ်ဒို၊ ဥကရစ်ထ နှင့် စစ်ကောင်စီ ပြန်လည်ထိုင်သည့် မောခီးစသည့် တပ်စခန်းအများအပြား ကျန်ရှိနေသေးကြောင်းသိရသည်။

ယခုလို ဒေသအတွင်း စစ်ကောင်စီတပ်စခန်းအများအပြားကျန်ရှိနေသေးသည့်အတွက် စစ်ကောင်စီ တပ်ဘက်မှ လေကြောင်းပစ်ခတ်မှု နှင့် စစ်ကူများ မကြာခဏ လုပ်ဆောင်နေလျက်ရှိနေသောကြောင့် မြဝတီ တောင်ဘက် ခြမ်းဒေသတွင် စစ်ပြေးရှောင်သောင်းနှင့်ချီ နေရပ်မပြန်နိုင်သေးဘဲ ယာယီစစ်ရှောင်စခန်းများတွင် လက်ရှိ ကာလ အထိ နေထိုင်နေကြရဆဲဖြစ်သည်။