Home သတင်း ကျိုက်မရောမှ ပြောင်းရွှေ့ နိုင်ငံရေးအကျဉ်းသားများ ဥပဒေမဲ့ ရိုက်နှက်ခံရကြောင်း PPNM ထုတ်ပြန်

ကျိုက်မရောမှ ပြောင်းရွှေ့ နိုင်ငံရေးအကျဉ်းသားများ ဥပဒေမဲ့ ရိုက်နှက်ခံရကြောင်း PPNM ထုတ်ပြန်

557
Photo: CJ

ဇွန်လ ၁၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ ၆၀ နှင့် အကျဉ်းသား ၁၀၀ကို ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့တွင် ဒိုက်ဦး ဗဟိုအကျဉ်းထောင် နှင့် သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွေ့မှုများ ပြုလုပ် ခဲ့ရာ ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသူများကို ထောင်အာဏာပိုင်များက ဥပဒေမဲ့ ရိုက်နှက်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် (PPNM)က ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့တွင် သတင်းထုတ် ပြန်ခဲ့သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသူများကို အကျဉ်းဦးစီးအရာရှိ ဝန်ထမ်းများက အော်ဟစ်ဆဲဆိုခဲ့ပြီး မိုးပေါ်သို့ သေနတ် လေးချက်ပစ်ဖောက်ခဲ့ကာ အခြားအဆင့်ဝန်ထမ်းများမှ လေးခွများဖြင့် ပစ်ခတ်ခြင်း၊ ကျင်စက်များ၊ ရာဘာ တုတ်များ၊ သစ်သားတုတ်များ နှင့် ကျစ်ကြိုးများဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အတွက်ကြောင့် ထောင်ပြောင်းခံ ခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၅ ဦးမှာ ဦးခေါင်းထိခိုက်ပေါက်ပြဲသွားသည်ဟု PPNM ၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အမည်မဖော်လိုသူ ထောင်တွင်းနီးစပ်သူတစ်ဦးက “လက်ရှိမှာတော့ ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီး အကုန်ရောက်သွားပါတယ်။ ဖိနှိပ်ချင်လို့ လူစုခွဲတာလို့ပဲမြင်ပါတယ်။ ကျိုက်မရောမှာတော့ ထုရိုက် တာမရှိ သေးပါဘူး။ သာယာ၀တီထောင်မှာတော့ အထုခံရတယ်ကြားတယ်။ ကျား(အမျိုးသား)ထဲကတော့ တိုက်ပိတ် မှတ်ချက်ပါသွားသူတွေကတော့ တိုက်ပိတ်ခံရပါတယ်” ဟု ကေအိုင်စီ သို့ အတည်ပြု ပြောဆိုသည်။

ထို့နောက် ရိုက်နှက်ခံထားရသူအမျိုးသမီးများကို တိုက်ပိတ်လှောင်ထားပြီး အပြင်းအထန် ရိုက်နှက်ခံထားရသူ များမှာ ဒိုက်ဦးဆေးရုံဆောင်တွင် ဆေးဝါးကုသမှုခံယူနေရကြောင်းလည်း PPNM ၏ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသူများအား ရိုက်နှက်မှုကို ဦးဆောင်ခဲ့ကြသည့် ထောင်ဝန်ထမ်းအရာရှိများမှာ ဦးစီး အရာရှိ ကျော်ဇေယျ၊ မျိုးသီဟအောင် နှင့် အမျိုးသမီးများကို မိုက်ရိုင်းသည့် စကားလုံးများဖြင့် ဆဲဆိုရိုက်နှက်သူ မင်းဇော်သိန်း နှင့် ကိုလေးမြင့်(အဆောင်မှူး)တို့က ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း PPNM က အသေးစိတ် ဖော်ပြထားသည်။

ယခုလို အမျိုးသမီးများအပေါ် အရှက်ရစေရန် ဆဲဆိုပြီး ညစ်ညမ်းသည့်စကား အသုံးအနှုန်းများဖြင့် ပြောဆို ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခဲသည့် ထောင်တွင်း လူ့အခွင့်အ‌ရေးချိုး ဖောက်နေမှုများကို ကျူးလွန်သော အကျဉ်း ဦးစီးဝန်ထမ်းများအား တော်လှန်ရေးအင်အားစုများအနေဖြင့် ဖမ်းဆီးထိန်းသိမ်းပြီး ထိရောက်သည့် အပြစ်ပေး အရေးယူမှု ပြုပေးရန်လည်း (PPNM)က ၎င်း၏ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလပိုင်းမှ ယခု ဇွန်လ(၁၄)ရက်နေ့အထိ အာဏာသိမ်းဖြစ်စဥ်နှင့်စပ်လျဥ်း၍ နိုင်ငံရေး တက် ကြွလှုပ်ရှားသူ နှင့် အရပ်သားပြည်သူ စုစုပေါင်း (၂၆,၀၀၀) ကျော် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ မှတ်တမ်းများအရ သိရသည်။