မေလ ၂၄ ရက်နေ့၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက် ရာအိမ်မှူး ဦးအုန်းမြင့်ဆိုသူ ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက မုက္ခမူကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးကို ယနေ့ မေလ (၂၄)ရက်နေ့တွင် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း နီးစပ်သူမြို့ခံထံမှ သိရသည်။
မေလ (၂၂)ရက်နေ့က သီတာလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး၊ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်သူ ဦးအုန်းမြင့်အား လက်နက်ကိုင်အဖွဲ့မှ လာရောက်ပစ်ခတ်စဥ် သေဆုံးခဲ့သဖြင့် အဆိုပါ အမှုနောက်ဆက်တွဲနှင့် ပတ် သက်၍ မုက္ခမူကျေးရွာ ကြက်ခြံမှ အလုပ်သမားလူငယ်တစ်ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ပစ်ခတ်မှုတွင် ပါဝင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များနှင့် ၎င်းတို့၏ မိသားစုဝင်များကို စစ်တပ်မှ ဝင်ရောက်ဖမ်းဆီးစဥ် အမှုနှင့်မသက်ဆိုင်သူ အဆိုပါ လူငယ်အဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟု ကျိုက်ထိုမြို့ခံ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
“မုက္ခမူရွာထဲက နှစ်ယောက်ရဲ့ အိမ်ကိုသွားဖမ်းတာ ရှာတာမတွေ့တော့ သူတို့အဖေတွေကို ဖမ်းမယ်ဆိုပြီးလုပ်တာ PDF နှစ်ယောက်ထဲက တစ်ယောက်ရဲ့အဖေကို ရွာထဲက သူ့ကြက်ခြံမှာသွားဝင်ဖမ်းတယ်။ အဲဒီဦးလေးက ထွက်ပြေးတော့ ကြက်ခြံမှာအလုပ်လုပ်နေတဲ့ ကောင်လေးကို ဖမ်းသွားတာပဲ” ဟု ၎င်းအမျိုးသားက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူလူငယ်အား ကျိုက်ထိုမြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ရိုက်နှက်စစ်ဆေးနေကြောင်း ရဲစခန်းနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
ပစ်ခတ်မှုတွင် သေဆုံးသူ ဦးအုန်းမြင့်သည် စစ်တပ်ကို ဆန္ဒပြမှုများအား သက်သေခံပေးခြင်း၊ လာဘ် စားခြင်းအပြင် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်သူတစ်ဦးလည်းဖြစ်ပြီး ဖြစ်စဥ်အတွင်း လက်ဖက်ရည်ဆိုင်၌ ရှိနေသည့် အရပ်သား (၂)ဦးလည်း ကျည်ထိမှန် ဒဏ်ရာရခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများ မကြာခဏဆိုသလို ပစ်ခတ်သတ်ဖြတ်ခြင်းခံနေရသည်တွင် ပြီးခဲ့သည့် ဧပြီလပိုင်းက ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်၊ ကော့ ထင်းကျေးရွာ၊ သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ သတင်းပေးနှင့် ပြည်သူ့ စစ်ခေါင်းဆောင်တို့လည်း ပါဝင်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။
ဧပြီ (၂၃) ရက်နေ့က အထက်ပါ ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ မုက္ခမူရွာသားတဦးကို ယခုမေလ (၈)ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိ အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။



















