ဧပြီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲကြောင့် တိမ်းရှောင်နေကြသည့် မြဝတီ၊ သင်္ဃန်းညီနောင်နှင့် အနီးအနားကျေးရွာရှိ လူနေအိမ်၊ စျေးဆိုင်နှင့် ဖုန်းဆိုင်အများအပြား ဖောက်ထွင်းခံရပြီး ပစ္စည်းများခိုးယူခံရကြောင်း ဒေသခံ စစ်ရှောင်များ၏ ပြောဆိုချက်အရ သိရသည်။
တိုက်ပွဲကြောင့် သင်္ဃန်းညီနောင်နှင့် အနီးအနားကျေးရွာအပြင် မြဝတီမြို့ပေါ် ရပ်ကွက်အချို့မှ ဒေသခံ အရပ်သားပြည်သူအများအပြား ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရပြီး အိမ်စောင့်မရှိသည့် နေအိမ်အများ အပြား ဖောက်ထွင်းခံရပြီး ပစ္စည်းများခိုးယူခံခဲ့ရသည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
၎င်းက “ အခိုးခံရတာက သင်္ဃန်းညီနောင်တစ်ရွာလုံးပဲ။ ဘာဖြစ်လဲဆိုတော့ ဒေသခံတွေက ၇ရက်၊ ၈ ရက်နေ့ကတည်းက အကုန်လုံးစွန့်ခွာရတော့လေ။ သူခိုးတွေအတွက်က အခွင့်အရေးပဲ။ တိုက်ပွဲ မဖြစ်ခင် ကတည်းက သူတို့ခိုးတာ။ ဒီလိုတိုက်ပွဲတွေဖြစ်တော့ သူတို့စိတ်ကြိုက်ပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပစ္စည်း လိုက်လံခိုးယူသူများသည် ပစ္စည်းများသည့် လူချမ်းသာ နေအိမ်၊ ဖုန်းဆိုင် နှင့် ကုန်စုံဆိုင်ကြီးများကို ပစ်မှတ်ထားဝင်ရောက်ခိုးယူလျက်ရှိရာ ပစ္စည်းများဝင်ခိုးသည့်အပြင် နေအိမ်အတွင်းရှိ အိမ်သုံးပစ္စည်းများကိုပါ ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သေးကြောင်းလည်း ဒေသခံများက ပြောသည်။
မြဝတီမြို့ အမှတ်(၁)၊ (၂)၊ (၃)နှင့် (၄)ရှိ ရပ်ကွက်နေ ပြည်သူအများအပြားသည် နေအိမ်အစောင့်များ ထားရှိပြီး တိမ်းရှောင်ခဲ့ကြသော်လည်း မြို့ပြင်ရှိ သင်္ဃန်းညီနောင်အပါအဝင် ရွာသစ်နှင့် ဝှေ့ရှမ်းကျေးရွာများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
လက်ရှိတွင် ကျေးရွာထဲ ပြန်ဝင်ခွင့်ပြုသဖြင့် စစ်ရှောင်ဒေသခံအချို့မှာ နေအိမ် ပြန်ကြည့်သူများရှိကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။
“ဒီအချိန်မှာလူတွေဒုက္ခရောက်တယ်။ အဲဒါကိုအခွင့်ကောင်းယူပြီး သူများအိမ်မှာ ပစ္စည်းဝင်ခိုး တဲ့သူခိုးတွေကို စောင့်ဖမ်းစေချင်တယ်။ အခုဆိုရင် မြို့က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်နိုင်ပြီးဆိုတော့ ဒီသူခိုးတွေကို ပြင်းပြင်းထန်ထန်ဖမ်းပြီး အပြစ်ပေးစေချင်တယ်”ဟု မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
မြဝတီမြို့တွင် စစ်ကောင်စီ၏ နောက်ဆုံးကျန်ရှိသည့် မြို့စောင့်တပ် ခြေလျင်တပ်ရင်း (ခလရ -၂၇၅ )တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့တွင်အပြီးသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNUက သတင်း ထုတ်ပြန်ထားသည်။ လက်ရှိ မြို့ထဲတွင် နယ်ခြားစောင့်တပ်-BGF ဘက်တံဆိပ်ဖြုတ်ထားသည့် ကရင် အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့ဝင်များမှ မြို့လုံခြုံရေးကို ယူထားလျက်ရှိကြောင်း မြို့ခံများက ပြောသည်။