Home သတင်း မြဝတီမြို့ လုံခြုံစိတ်ချရသည့် အနေအထားရောက်ရှိရန် ဆက်လက်လုပ်ဆောင်နေကြောင်း KNU ထုတ်ပြန်

မြဝတီမြို့ လုံခြုံစိတ်ချရသည့် အနေအထားရောက်ရှိရန် ဆက်လက်လုပ်ဆောင်နေကြောင်း KNU ထုတ်ပြန်

602

ဧပြီလ ၁၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့စောင့်တပ် ခြေမြန်တပ်ရင်း(ခမရ-၂၇၅) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက် ရှင်းလင်းခဲ့ပြီးနောက် မြို့ကို လုံခြုံစိတ်ချရသည့် အနေအထားရောက်ရှိရန် ဆက်လက် လုပ်ဆောင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန် အသိပေးလိုက်သည်။

ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့က မြို့၏ နောက်ဆုံး ခံစစ် ခမရ-၂၇၅ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ သော်လည်း အဆိုပါ ခမရ-၂၇၅ တပ်ဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည် ရေးတံတားတွင် ဆုတ်ခွာခိုလှုံတပ်စွဲထားသလို စစ်ကူစစ်ကြောင်းများလည်း အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာနေ သော ကြောင့် မြို့သည် လုံခြုံစိတ်ချရသည့် အနေအထားတွင် မရှိသေးကြောင်း ကေအဲန်ယူက ဆိုသည်။

မြဝတီမြို့ကို လက်လွတ်မဆုံးရှုံးရရေးအတွက် အင်အား ရာနှင့်ချီသည့် စစ်ကောင်စီ စစ်ကူ စစ်ကြောင်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကြားဖြတ် ပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း မြို့ကို လုံခြုံစိတ်ချရသည့် အနေအထားတစ်ခုရအောင် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်၍ ပြည်သူများ အနေဖြင့်လည်း လုံခြုံရေးသတိဖြင့် နေထိုင်သွားလာကြရန်လည်း ထုတ်ပြန်ချက်တွင် သတိပေး ပြောဆို ထားသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်အတွက် ကုန်သွယ်ရေး အရေးပါသည့် မြဝတီနယ်စပ်မြို့ကို သိမ်းပိုက်ရရှိရန် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယခင်မတ်လကုန်ခါနီး နှင့်ယခု ဧပြီလ ၅ ရက်နေ့က အဓိက ကျသည့် စစ်ကောင်စီ တပ်စခန်း (၃)ခုဖြစ်သော (ခမရ-၃၅၅) (ခမရ-၃၅၆) နှင့် သင်္ကန်ညီနောင် ဗျူဟာ ကုန်းရှိ (ခမရ-၃၅၇) အပါအဝင် နောက်ဆုံး မြို့စောင့်တပ်ဖြစ်သည့် (ခမရ-၂၇၅) တို့ကို တိုက်ခိုက် သိမ်းပိုက် ရှင်းလင်းနိုင် ခဲ့သည်။

မြို့ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသော်လည်း လုံခြုံစိတ်ချရသည့် အနေအထားရောက်ရှိပါက ဒေသခံ များ၏ ပူးပေါင်းပါဝင်မှုဖြင့် မြို့ကို အုပ်ချုပ်ရေးများချမှတ်ကာ လူကုန်ကူးမှု၊တရားမဝင်စီးပွားရေး လုပ်ငန်းများ၊ တားမြစ်ပစ္စည်းကုန်သွယ်မှုများ၊ မြို့တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုများ နှင့် ကုန်စည် စီးဆင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ ဆို သည်။

အလားတူ နှစ်နိုင်ငံနယ်နမိတ်တွင် နေထိုင်သည့် ပြည်သူများအတွက် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရရှိရေးအတွက် အထူးအလေးထား လုပ်ဆောင်မည်ဖြစ်သလို နယ်စပ်ဖြတ် ကျော်မှုနှင့် တရားဥပဒေစိုးမိုးမှုများအတွက် လိုအပ်သည်များကိုလည်း ပြင်ဆင်စီစဉ်နေကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဆက်လက်ပြီး ကေအဲန်ယူအနေဖြင့် နယ်စပ်အခြေစိုက် ကရင်အရပ်ဖက် အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံ အစိုးရ အပါအဝင် ပြည်တွင်း ပြည်ပ မဟာမိတ် အဖွဲ့အစည်းများ သက်ဆိုင်သူများအားလုံးနှင့် ချိတ်ဆက်၍ ပူးပေါင်း လုပ်ဆောင်ရန် ကြိုးစားလျက်ရှိကြောင်းလည်း အသိပေး ဖော်ပြထားသည်။

ယနေ့ ညနေ (၅)နာရီဝန်ကျင်ခန့်တွင်လည်း အမှတ်(၂) ချစ်ကြည်ရေးတံတားတွင် ခိုလှုံတပ်စွဲနေသည့် စစ်ကောင်စီ လက်ကျန် တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေကြောင်း လည်း နယ်မြေခံ သတင်းအရင်းအမြစ်များက ဆိုသည်။