ဧပြီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ဘက်သို့ ရောက်ရှိလာသည့် ထောင်နှင့်ချီသော မြဝတီမြို့ခံ စစ်ရှောင်ပြည်သူများ သည် လက်ရှိအချိန်တွင် မည်သည့်အဖွဲ့အစည်းထံမှ အကူအညီမရသေးဘဲ ၎င်းတို့အစီအစဉ်နှင့်သာ နေထိုင်စား သောက်ကြရသည်ဟု မဲဆောက်မြို့ခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်သူများက ပြောဆိုသည်။
မဲဆောက်မြို့တွင် မြဝတီမြို့မှဝင်လာသည့် စစ်ရှောင်များကို သောင်ရင်းမြစ်အနီးရှိ ဘုန်းကြီးကျောင်း ၄ ကျောင်း၌ ထားရှိမည်ဟု မဲဆောက်မြို့ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူဘက်မှ ပြောဆိုထားသော်လည်း လက်ရှိအချိန်တွင် မဲဆောက်မြို့အတွင်း ရောက်ရှိလာနေသည့် မြန်မာစစ်ရှောင်များမှာ မိမိတို့အစီအစဉ်ဖြင့်သာ နေထိုင်ကြရသည်ဟု ၎င်းတို့အရေးကို လိုက်ပါကူညီဆောင်ရွက်ပေးသူများက ပြောသည်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ–JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဒီဘုန်းကြီးကျောင်းက အရင် တုန်းက ကူညီကယ်ဆယ်ခဲ့တဲ့ဘုန်းကြီးကျောင်းတွေပါ။ ဒီကျောင်းက တစ်သိန်းဆိုတာမဖြစ်နိုင်ဘူး။ နဂို မဲ့ကိုကင်းနွားခြံ၊ ဘမ့်ဝမ်းတကီးယမ်းရွာနွားခြံတို့၊ တခြား မဲ့ထော်သလေးတို့ မယ်ကုစာသင်ကျောင်းတွေ၊ ဘားတိုက် တွေ နဂိုစခန်းဟောင်းတွေရှိတယ်။ လူတစ်သိန်းစာ တကယ်လက်ခံကူညီချင်မှန်ရင် အဲဒါတွေအားလုံး တစ်ပြိုင်ထဲဖွင့်ပေးရမယ်။ ထိုင်းလူ့အခွင့်အရေးအဖွဲ့ ရှေ့နေတွေ၊ သတင်းမီဒီယာတွေ နိုင်ငံတကာက ဝိုင်းပြော အားကြီးလို့ မလွဲမကင်းမရှောင်သာလို့ လုပ်ပေးရတာ။” ဟု ကေအိုင်စီသို့ ပြောသည်။
မဲဆောက်မြို့အတွင်း ရောက်ရှိလာသည့် မြန်မာစစ်ရှောင်များသည် အမှတ်(၁) ချစ်ကြည်ရေးတံတား မှ တစ်ဆင့် တစ်ပတ်စာ လက်မှတ်ဖြင့် ဝင်ရောက်လာသူရှိသလို တံတားအောက်ရှိ သောင်ရင်းမြစ်ကို စက်လှေဖြင့် ဖြတ် ကူးကာ ဝင်ရောက်လာသူများလည်းရှိကြောင်း သိရသည်။
လက်ရှိ အဆိုပါ နယ်စပ်နေရာများတွင် ထိုင်းတပ်မတော်ဘက်မှ လုံခြုံရေးတင်းကြပ်စွာချထားပြီး တံတား အောက်ရှိ တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာသည့် စစ်ဘေးရှောင်များကိုလည်း တရားမဝင်ပစ္စည်း ပါဝင်မှုရှိမရှိ စစ်ဆေးပြီးနောက် ထိုင်းနိုင်ငံထဲသို့ ဝင်ခွင့်ပေးခြင်းရှိကြောင်းလည်း စစ်ရှောင်များက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံချစ်ကြည်ရေးတံတားရှိ အကောက်အခွန် ဂိတ်နေရာများတွင် ထိုင်းနိုင်ငံအစိုးရ၏ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ပန်ပရီးက လာရောက်ကြည့်ရှုပြီး နေ့လည်အချိန်တွင် အမှတ်(၁)ချစ်ကြည်ရေးတံတားရှိ နယ်စပ်အဝင်ဂိတ်နှင့် ချစ်ကြည်ရေးတံတားကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း ဒေသတွင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
၎င်းအပြင် နိုင်ငံခြားရေးဝန်ကြီးပန်ပရီးက မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့ ထိုင်းတပ်မတော်နှင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ နယ်စပ်အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုခြင်းလည်းရှိကြောင်း သိရသည်။
မြဝတီမြို့တွင် နောက်ဆုံးကျန်ခဲ့သည့် စစ်ကောင်စီ၏ မြို့စောင့်တပ် ခြေလျင်တပ်ရင်း -ခလရ ၂၇၅ကို ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မြဝတီ-မဲဆောက်မြို့ကို ဆက်သွယ်ထားသည့် အမှတ် ၂ ချစ်ကြည်ရေး တံတားကို ယာယီပိတ် ထားသော်လည်း အမှတ် ၁ ချစ်ကြည်ရေးတံတားကိုမူ ပုံမှန်ဖွင့်လှစ်ပြီး စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန-လဝက ဝန်ထမ်းများက နယ်စပ်ဖြတ်ကျော် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပုံမှန်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။