Home သတင်း ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများတွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရပြီး အသက်(၃)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် (၃)ဦးသေဆုံး

ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများတွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရပြီး အသက်(၃)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် (၃)ဦးသေဆုံး

304
Photo: CJ

ဧပြီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံမြို့အနောက်ဖက်ခြမ်းရှိ ပီကင်းနှင့်လွယ်ယင်းကျေးရွာကို ပြီးခဲ့ သည့် ဧပြီလ(၁၁)ရက်နေ့က စစ်ကောင်စီမှလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက်(၃) နှစ်အရွယ် ယောက်ျားလေးတစ်ဦးအပါအဝင် (၃)ဦးသေဆုံးခဲ့ရကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။

ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံနှင့် မိုးဗြဲတို့မှ ဒေသခံအချို့လည်း စစ်ဘေးတိမ်းရှောင်နေထိုင်ကြသော အဆိုပါ ကျေးရွာနှစ်ရွာနှင့်အနီးတဝိုက်တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက ပေါင်(၅၀၀)ဗုံးများဖြင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၃)နှစ်အရွယ်ကလေးငယ်အပြင် အသက်(၁၂)နှစ်အရွယ် စစ်ရှောင် မိန်းကလေးတစ်ဦးနှင့် (၆၅)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ရသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG ဒါရိုက်တာ ဦးဗညားခွန်အောင်က ပြောသည်။

၎င်းက “အဲဒီရွာနှစ်ရွာကကပ်လျက်ပဲ ည(၁၀)နာရီကျော်လောက်က ဗုံး(၂)ကြိမ်လာကြဲသွားတာ။ တိုက်ပွဲ တစ်ခါမှဖြစ်ဖူးတဲ့နေရာတွေမဟုတ်ပါဘူး။ စစ်ရှောင်တွေပဲရှိတာ ဘာမှထူးထူးခြားခြားရှိတဲ့နေရာလည်းမဟုတ်ဘူး” ဟု ဦးဗညားက ကေအိုင်စီကို ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် အသက်(၇)နှစ်၊ (၁၃)နှစ်နှင့် (၁၅)နှစ်အရွယ် မိန်းက လေးငယ်(၃)ဦးအပါအဝင် အမျိုးသမီးတစ်ဦးနှင့်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း KnHRG နှင့် ဒေသတွင်းသတင်းအချက်အလက်များအရ သိရသည်။

“ရွာမှာစစ်ရှောင်စခန်းရှိတယ်။ အခုကျတဲ့နေရာကတော့ စစ်ရှောင်စခန်းကိုမထိဘူးပေါ့နော်၊ စစ်ရှောင်တွေထဲက ဆွေမျိုးသားချင်းတွေဆီလာနေတဲ့သူတချို့ထိတာ အဲဒါကြောင့် ရွာခံတွေထိတာပိုများတယ်။ လက်ရှိ သူတို့ကျန်းမာရေးကတော့ ဆေးရုံပို့ပေးထားတယ် အခြေအနေမသိရသေးပါဘူး။” ဟု KnHRG ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

Photo: CJ

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက မြို့ပေါ်တိုက်ပွဲများကြောင့် ဒေသခံများမှာ ထိုကျေးရွာများဘက်သို့ တစ်စထက်တစ်စ စစ်ဘေးရှောင်တိမ်းလာကြရာမှ ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှစတင်ဖြစ်ပွားခဲ့သော ကရင်နီမဟာမိတ်တပ်များ၏ ပူးပေါင်းစစ်ဆင်ရေးနောက်ပိုင်း ရွာနေလူဦးရေပိုမိုတိုးပွားလာပြီး သာမန်အရပ်သားပြည်သူလူထုသာ နေထိုင်သည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

စစ်တပ်ထောက်ခံသူအချို့ကမူ ပီကင်းရှိ ကရင်အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့-KNDF ၏ ဆေးရုံသို့ စစ်တပ်ကဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစုပေါင်းနေထိုင်ကြသော ကျေးရွာဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတဆင့် တုံ့ပြန်ပြောဆိုကြသည်။

ပြီးခဲ့သည့် မတ်လ(၂၂)ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် လအိဆေးရုံသို့ စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား(၂)ဦးသေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း ကရင်နီပြည်နယ်အခြေစိုက် စစ်ဘေးရှောင်ကူအဖွဲ့များထံမှ သိရသည်။