Home သတင်း နေအိမ်ပြန်ကြည့်သည့် ကော့ကရိတ်စစ်ရှောင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ အရပ်သား ၄ ဦး သေဆုံး ၄ ဦးထိခိုက်

နေအိမ်ပြန်ကြည့်သည့် ကော့ကရိတ်စစ်ရှောင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ အရပ်သား ၄ ဦး သေဆုံး ၄ ဦးထိခိုက်

246
Photo: CJ

ဧပြီလ ၁၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့၊ အမှတ် (၅) ရပ်ကွက်၊ ရေလယ်ကုန်း ဘက်သို့ နေအိမ်ပြန်ကြည့်သည့် စစ်ဘေးရှောင်အရပ်သားများ ယမန်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ၎င်းစစ်ရှောင်များကို အနီးကပ် ကူညီပေးနေသူ တစ်ဦးက ပြောသည်။

ရေလယ်ကုန်းမှနေ၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇) နယ်မြေ၊ နောင်တပွဲ ကျေးရွာ သို့ စစ်ဘေးလာရောက် တိမ်းရှောင်နေသည့် ကော့ကရိတ်ဒေသခံအချို့မှာ မိမိနေအိမ် ပြန်သွားကြည့်ချိန်တွင် ဒရုန်းဖြင့် ပစ်ချခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စစ်ရှောင်ကူညီပေးသူ တစ်ဦးက ပြောသည်။

၎င်းက “မနေ့က ၁၁ နာရီဝန်းကျင်လောက်မှာ စစ်ဘေးရှောင်တွေ သူတို့အိမ်ပြန်ရင်းနဲ့ ဒရုန်းချတာ အထိနာသွားတယ်။ ၄ယောက် သေသွားတယ်။ ၂ယောက်ကတော့ ဖားအံ ပြည်သူ့ဆေးရုံကို ပို့ထားရတယ်။ စိုးရိမ်ရတဲ့ အနေအထား မို့လို့ အရေးပေါ်ပို့ထားရတာပေါ့။ ကျန်တာက နည်းနည်း ပွန်းပဲ့တာကျတော့ တိုက်နယ်ဆေးရုံးလောက်မှာပဲ ထားလိုက်တယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

သေဆုံးသွားသူများတွင် လူကြီးပိုင်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား ၃ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး ကျန်ထိခိုက်သူ ၄ ဦးအနက် အမျိုးသားနှစ်ဦးကို ဖားအံ ပြည်သူ့ဆေးရုံ နှင့် တောင်ကလေး စစ်ဆေးရုံတွင် တင်ထားရကာ ကျန်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဒေသတွင်း တိုက်နယ်ဆေးရုံတွင်သာ ကုသ ပေးလိုက်ကြောင်း စစ်ရှောင်ကူညီသူက ဆက်ပြောသည်။

Photo: CJ

“သူတို့က ဒီတန်ခူးလဆိုတော့ ဘာမှ မဖြစ်လောက်ဘူးဆိုပြီး ကျနော့်ကို တစ်ရက်လောက် ခွင့်တောင်းပြန်တယ်။ သင်္ကြန်ကာလ သူတို့ အိမ်ကိုသန့်ရှင်းရေး ပြန်လုပ်မယ်ပေါ့။ အဲ့ဒါ ပြန်ရင်းနဲ့ အခု လိုဖြစ်သွားတာပဲ။ သေသွားတဲ့ သူ ၄ဦးမှာ အလောင်း ၃လောင်းတော့ အဲ့မှာပဲ မြုပ်လိုက်ရတယ်။ တစ်လောင်းပဲ သယ်လာလို့ ရတယ်” ဟု စစ်ရှောင်ကူညီသူက ကေအိုင်စီသို့ ဖြည့်စွက်ပြောသည်။

ယမန်နေ့က အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာနေရာသည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေရပ်ပြန်သည့် စစ်ရှောင်များကို ရည်ရွယ်ချက်ရှိရှိ ပစ်ချခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းဘက်က ပစ်ချခြင်းဖြစ်ကြောင်း အတိအကျ မသိရကြောင်း ဒေသခံများက ပြောသည်။