ဧပြီ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း စစ်ကူတက်လာသည့် စစ်ကောင်စီ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းများ ကျုံဒိုး၊ ကော့ကရိတ်နယ်မြေထဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းများက ဖြတ်တောက် တိုက်ခိုက်မှုလုပ်ဆောင်နေကြောင်း ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်သတင်းအရင်းအမြစ်များက ပြောသည်။
“အခုက ကြာအင်းဆိပ်ကြီး ကျိုက်မရောဘက်၊ ကျုံဒိုးချောင်းဖျားဘက်၊ နဘူး၊ ထို့ကော်ကိုးဘက် အဲ့စစ်ကြောင်း ၃ ခုလောက်က ရွာတွေကိုဖြတ်ပြီး ကော့ကရိတ်-မြဝတီ-ကြာအင်းဆိပ်ကြီး ဂွင်တွေကိုပြန် ထိန်းချင်နေတာ မျိုး စစ်တပ်ဘက်က စစ်ကူတွေထွက်လာနေတာ၊ PDF တွေကတော့ ကျုံဒိုးချောင်းဖျားမှာ ဖြတ်တိုက်၊ ရင်ကွဲ တောင် ညီညာသာလင်းဘက်တွေ ဖြတ်တိုက်နေတာမျိုးတော့ ရှိနေတယ် ”ဟု စစ်ရေး နယ်မြေသတင်းအရင်းအမြစ်က ပြောသည်။
ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ တပ်မ ၅၅ လက်အောက်ခံ စစ်ကြောင်းက သံချပ်ကာကား အပါအဝင် စစ်ယာဉ်တန်းများ ရှိနေသည့် ကော့ကရိတ်မြောက်ပိုင်း ရေလည်ကုန်းကျေးရွာ နေရာပတ်ဝန်းကျင် အား စစ်တပ်လေကြောင်းက Y12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းနေကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ် စစ်ကူ စစ်ကြောင်းတက်လာသည့် လမ်းတစ်လျှောက် KNLA ပူးပေါင်း တော်လှန် ရေးတပ်ဖွဲ့များ ဖြတ်တိုက်မည့်အခြေအနေများကြောင့် အနီးအနားကျေးရွာရှိ ဒေသခံများမှာ ဘေးလွတ်ရာသို့ ကြိုတင် ထွက်ပြေးတိမ်းရှောင်နေကြပြီဟု ကျုံဒိုးနယ်ရှိ နွားခြံကုန်းကျေးရွာဒေသခံက ပြောသည်။
၎င်းက “စစ်တပ် သံချပ်ကာ ကားတွေက ၄ စီးလောက် ကားပျက်ပြီး ကျုံးဒိုးစစ်တပ်တွေထဲ ကျန်ခဲ့တယ်။ ကျန်တဲ့ စစ်ကားတွေ နဲ့သံချပ်ကာကားတွေက ကျုံဒိုးချောင်းဖျား ဘက်ကနေ၊ အခုရေလည်ကုန်းရွာဘက် ရောက်လာ နေ တယ်။ ကော့ကရိတ် ၉၇ ကို ဝင်မလား၊ လမ်းဟောင်းတက်မလား၊ လမ်းသစ်အာရှလမ်းကနေ မြဝတီတက်မလား ဆိုတာတော့ မသိသေးဘူး။ လက်ရှိကတော့ ဖြတ်တိုက်မယ့် တိုက်ပွဲတွေ ဖြစ်မယ့်အခြေ အနေရှိနေတယ်။ ရွာသားတွေလည်း ရှောင်ကုန်ပြီ ”ဟု ပြောသည်။
လတ်တလော ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က စစ်စခန်းများ၊ မြို့အခြေစိုက်တပ်ရင်းများ သိမ်းပိုက် ခံနေရပြီး မြဝတီမြို့ကို KNLA မဟာမိတ်ပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေသလို ကော့ကရိတ် မြို့တွင်း ခြေလျင်တပ်ရင်း (ခလရ ၉၇) တပ်ကို KNLA မဟာမိတ် ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် နှစ်ဘက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။