မတ်လ ၂၄ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ဘိန်း၊ကော့ပေါက်၊မင်းရွာ နှင့် သရဏံ စသည့် မွန်တိုင်းရင်းသား ကျေးရွာ များတွင် စစ်ကောင်စီ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပါင်းတပ်ဖွဲ့ များ အကြား ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲ ပြင်းထန်နေကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် တော်လှန်ရေး တပ်ဖွဲ့ဝင် များက အတည်ပြုပြောဆိုသည်။
နှစ်ဖက်တိုက်ပွဲအတွင်း ကော့ဘိန်းရဲစခန်းအနီးဝန်းကျင်ကို KNLA ပူပေါင်းတပ်များ ပိတ်ဆို့ ထိန်းချုပ်ထားပြီး ဒေသခံ မွန်တော်လှန်ရေးတပ်ဖွဲ့ဝင်များမှလည်း ပါဝင်တိုက်ခိုက်နေကြောင်း ရှေ့တန်းရောက် စစ်ရေး သတင်း အရင်းအမြစ်က ယခုလိုပြောသည် ။
” စစ်တပ် နဲ့ ရဲက ကော့ဘိန်းရဲစခန်းကနေ ခံပစ်တယ်။ သရဏံဘက်က စစ်တပ်စစ်ကြာင်းက ကော့ဘိန်း ဘက် တက်လာတယ်။ မွန်အဖွဲ့တွေ နဲ့ ကြားဖြတ်တိုက်နေတယ်။ ကော့ဘိန်း ရဲစခန်းတော့ကျပြီး။ စစ်တပ်က လက်နက် ကြီးတွေပစ်တယ်။ ရဟတ်ယာဉ်လည်းလာတယ်။ ဟောင်သရာမြစ်ဘက်က စစ်သင်္ဘောကလည်းပစ်တယ်။ လက်နက်ကြီး ကျည်ကျလို့ မီးလာင်နေတယ်။ အရပ်သားတွေရွာထဲကနေထွက်မရဘူးဖြစ်နေတယ်။ အခုထိတော့ ဆက်ပစ်နေတုန်းဘဲ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားများ ပိတ်မိနေပြီး စစ်တပ် နှင့် NCA အပစ်ရပ်လက်မှတ်ထိုးထားသည့် ဒေသတွင်း မွန်အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာအတွင်း ပိတ်မိနေသည့် ဒေသခံ သက်ကြီး ရွယ်အို နှင့် ကလေးသူငယ်များကို တိုက်ပွဲလွတ်ရာ ကူညီရွေ့ပြောင်းပေးနေကြောင်းလည်း ဒေသခံများက ဆိုသည်။

“ကော့ဘိန်း၊မင်းရွာတို့ ကော့ပေါက်ရွာတို့မှာ လူငယ်တွေက စစ်မှုထမ်းရမှာကြောက်လို့ တောင်ပေါ်(ထိုင်း) တက် ကုန်ပြီး။ ရွာမှာက သက်ကြီးရွယ်အိုတွေ ကလေးတွေဘဲရှိတယ်။ သူတို့ကို အပြင်မထွက်ဖို့ ပြောထားတော့ တိုက်ပွဲလည်း ဖြစ် မီးကလည်းလောင်ဆိုတော့ ပိတ်မိနေတယ်။ အဲ့တာတွေ ကယ်ထုတ်ဖို့တော့လုပ်နေတယ်။ လေယာဉ် လာဝဲနေတာနဲ့ လက်နက်ကြီးကျတာနဲ့က ဆက်တိုက်ပစ်ခတ်နေတာ့ ကယ်ထုတ်ဖို့ ခက်နေတယ်” ဟု သရက်တော ကျေးရွာက ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ်အတွင်း မြဝတီ၊ သင်္ဃန်းညီနောင်၊ လေးကေကော်၊ လက်ခတ်တောင်၊ ဝေါလေ ၊ထီကပလယ်၊ ကော့ကရိတ်၊ နှင့် မြပတိုင်ကျေးရွာဒေသများဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူပေါင်း တပ်အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားလျက်ရှိသည်။
ထို့အပြင် နယ်စပ်လမ်းကြောင်း လက်မလွတ်ရရေးအတွက် စစ်ကောင်စီဘက်ကလည်း လေကြောင်း နှင့် လက်နက်ကြီးကို အားထား အသုံးပြုနေပြီး နေ့စဉ်ဗုံးကြဲ တိုက်ခိုက်မှု နှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသကျေးရွာရှိ အရပ်သားနေအိမ်များ မီးလောင်ဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှသိရသည်။



















