Home သတင်း လေဆိပ် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီလုံခြုံရေးတိုးမြှင့်

လေဆိပ် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီလုံခြုံရေးတိုးမြှင့်

145
Photo- CJ

မတ်လ ၂၆ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လေဆိပ်ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ မြို့အနှံ့လုံခြုံရေးနှင့် ဧည့်စာရင်း စစ်ဆေးမှုများကို ဆက်တိုက်ဆိုသလို တင်းကြပ်လုပ်ဆောင်လာကြောင်း မော်လမြိုင်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ(၂၄)ရက်နေ့ နေ့လည်(၁၂)နာရီ ဝန်းကျင်အချိန်ခန့်တွင် တောင်လှန်ရေးအင်အားစု အဖွဲ့ဝင်များက မော်လမြိုင်လေဆိပ်ကိုဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သောကြောင့် လေယာဉ်ပြေး လမ်းအနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီးနောက် ယခုလို လုံခြုံရေးတင်းကြပ်လာခြင်းဖြစ်ကြောင်း လေဆိပ် အနီးပတ်ဝန်းကျင်ရှိ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “စစ်သားတွေ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မတွေ့ရဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ဒရုန်းနဲ့ ဗုံးကြဲခံရသေးတယ်။ အဲ့တုန်းကတော့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်။
သတင်းကတော့ မထွက်သေးဘူး။ အခုကိစ္စကို မသိတဲ့သူတွေ တောင်ရှိသေးတယ်။ အခုက တစ်ရက် တည်းမှာပဲ နှစ်ကြိမ်တောင်ဆိုတော့ လုံခြုံရေးတွေ တိုးထားတယ် အရင်ကထက်။”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ လေယာဉ်ကွင်း တိုက်ခိုက်ခံရပြီး နောက် မော်လမြိုင်မြို့ မင်းရွာကျေးရွာရှိ တိုင်းရင်း သားယဉ်ကျေးမှုစင်တာဝင်းတွင်လည်း ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရသောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များမှ လူသွားလူလာ များသည့် နေရာများတွင် လုံခြုံရေးတင်းကြပ်ထားပြီး ဧည့်စာရင်း စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်းလည်း မော်လမြိုင်မြို့ခံများက ပြောသည်။

“သတင်းတွေက ထွက်ပြီးတဲ့နောက်မှာ မြို့ထဲမှာ စစ်ကားတွေနဲ့ အင်အားပြတဲ့သဘော လှည့်တော့ တာပဲ။ ဧည့်စာရင်းတွေပါ ကောက်စစ်တာ။ တော်တော်ဆိုးဆိုးပဲ ခါတိုင်းထက်။ ဧည့်စာရင်း စစ်တဲ့အခြေနေကလည်း ငြိမ်နေတာ ကြာပြီးဆိုတော့။ ပြီးတော့ လမ်းဆုံလမ်းဂွတွေမှာ စစ်တာတွေလည်း လုပ်နေတယ် အခုမနက်အထိ။ ” ဟု နောက်ထပ် မော်လမြိုင်မြို့ခံတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

လက်ရှိမော်လမြိုင်မြို့တွင် ယခုမတ်လ(၂၀)ရက်နေ့မှ စတင်ပြီး အဝေးပြေး ကားဂိတ်များ၌ သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ ပြသနိုင်မှသာလျှင် ကားလက်မှတ်ရောင်းချပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြို့နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားမှုများ ပြုလုပ်ထားသည်ဟု မော်လမြိုင်မြို့ခံများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုနေထိုင်သည့် အရှေ့ တောင် တိုင်း စစ်ဌာနချုပ်နှင့် ဝန်ကြီးများအိမ်ရာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသောကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်မှ လုံခြုံရေးတိုးမြှင့်မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။