Home သတင်း ဖာပွန်မြို့လမ်းကြောင်းအားလုံး ဖြတ်တောက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်

ဖာပွန်မြို့လမ်းကြောင်းအားလုံး ဖြတ်တောက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်

130
Photo- KNU

မတ်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်မြို့၏ တောင်ဘက်ရှိ စစ်ကောင်စီ တပ်စခန်းများအကြား ကူးလူးဆက်သွယ်သည့်လမ်းကြောင်းအားလုံးကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့၏ ပိတ်ဆို့တိုက်ခိုက်ခြင်းခံရ သည့်အတွက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် လုပ်ဆောင်လာသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ တစ်ရက်ထဲတွင် ဖာပွန်မြို့ရှိရပ်ကွက်အတွင်းနှင့် လူသောမြို့နယ်ရှိ ကျေးရွာအများ အပြားတွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ၂၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ကာ ဗုံးသီးပေါင်းအလုံးရေ ၁၀၀ ကျော်ပစ်ချသွားခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၁၉ရက်နေ့မှစတင်၍ ဖာပွန်မြို့ တောင်ဘက်ခြမ်းတွင်ရှိသည့် စဗခ-စစ်ဗျူဟာအခြေချ (၁) ရတခ-အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းအားလုံး၏ စခန်းတည်ရှိရာ မယ်တရိုး၊ ဝေမှုံ၊ တံခွန် တိုင်နှင့် ဝေဆာစသည့် စခန်းများကို KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ဝိုင်းဝန်း ပိတ်ဆို့ ထားပြီးနောက်စစ်ကောင်စီဘက်မှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်လာခြင်းလည်းဖြစ်ဟု ကေအဲန်ယူက ပြောသည်။

ထို့အပြငမူတြော်ခရိုင် ဒွယ်လိုး၊ ဘူးသိုနှင့် လူသောမြို့နယ် (၃)မြို့ထဲတွင် ် စစ်ကောင်စီက ဂျက်တိုက် လေယာဉ်ဖြင့်နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်လာသည့်အပြင် လက်နက်ကြီးစစ်ကူပစ်ခတ်တိုက်ခိုက်မှု၊ ဒရုန်းယာဉ်အသုံးပြုတိုက်ခိုက်မှုများလည်း အဆက်မပြတ်လုပ်ဆောင်လာကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅)၏ ထုတ်ပြန်ထားချက်အရ သိရသည်။

Photo-KNU

ကေအဲန်ယူ တပ်မဟာ ၅ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို့က “သူတို့လမ်းကြောင်းပိတ်ဆို့ခံရတော့ လမ်းကြောင်းပွင့်လာဖို့အတွက် သူတို့ဘက်က အမျိုးမျိုးသုံးပြီး ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်။ လေယာဉ်နဲ့မ လာပစ်တဲ့အချိန်ဆိုရင် ဒရုန်းနဲ့သူတို့ပစ်တယ်။ ဒရုန်းနဲ့က နေ့ရောညရောပစ်တယ်။ ဖာပွန်မြို့ထဲမှာ ဆက်တိုက်ပစ်တော့ မြို့ကလူတွေကျနော်တို့ဘက်က ထွက်ခွင့်ပေးတယ်။ တချို့ကတော့ ကျန်သေးတယ်။ မြို့ထဲမှာ လေယာဉ်နဲ့အင်အားပြင်းဗုံးကြဲသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုမတ်လထဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းယာဉ်များ အသုံးပြုတိုက်ခိုက်မှုများလာသည့်အတွက် မူတြော်ခရိုင်အတွင်းရှိ ဒေသခံအရပ်သား ထိခိုက်သေဆုံး မှုများပြားလာကြောင်း၊ စစ်ရှောင်နေရသည့် ဒေသခံလူထုများလည်း တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့တိမ်းရှောင်နေရကာ ယခုလထဲတွင် စစ်ရှောင်ဦးရေတစ်ထောင်ကျော် ထပ်တိုးလာကြောင်းလည်း မူတြော်ခရိုင်ဘက်က ပြောသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ(၅)တစ်ခုလုံးတွင် စစ်ကောင်စီတပ်၏ စခန်းကြီးစခန်းငယ် (၈၀)ခုကျော်ရှိပြီး စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂၄ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအဲန်ယူဘက်က ထုတ်ပြန်ထားသည်။