မတ်လ ၂၅ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအစိုးရမှ လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်သည့် မြန်မာစစ်ဘေးရှောင်အယောက် ၂၀၀၀၀ (နှစ်သောင်း) အတွက် ပေးအပ်မည့်အခြေခံစားနပ်ရိက္ခာအကူအညီများကို ယနေ့ မတ်လ ၂၅ရက်နေ့ နံနက်ပိုင်းအချိန်တွင် ထိုင်းနိုင်ငံတာခ့်ခရိုင်မဲဆောက်မြို့ ထိုင်း-မြန်မာ အမှတ်-၂ ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြဝတီမြို့ဘက်ကို စတင်ပေးပို့လိုက်ကြောင်း သိရသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူ အယောက်နှစ်သောင်းအတွက် ဆန်၊ စားနပ်ရိက္ခာ နှင့် အခြားလိုအပ်သည့် ကယ်ဆယ်ရေးအိတ် ၄၀၀၀ ကျော်ကို မြဝတီခရိုင် မြန်မာနိုင်ငံကြက်ခြေနီဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ လူသားချင်းစာနာထောက်ထားမှုအကူအညီကို မြန်မာသို့ လွှဲပြောင်းသည့် အခမ်းအနားတွင် ထိုင်းနိုင်ငံ ဒု ဝန်ကြီး Mr Sihasak Phuangketkeowi၊ တာ့ခ်ခရိုင် အာဏာပိုင်များ၊ စစ်ကောင်စီ၏ မြဝတီခရိုင် ကိုယ်စားလှယ်များနှင့် အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူညီပေးရေးဆိုင်ရာဌာန (AHA Center)မှ အမှုဆောင်ဒါရိုက်တာတို့ တက်ရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုအစီအစဉ်ကို အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး (AHA Centre) အကြီးအကဲတို့က ကြီးကြပ်ပေးခဲ့ခြင်းလည်းဖြစ်ကာ ယနေ့ပို့ဆောင်သည့် ရိက္ခာယာဉ်တန်းသည် ကရင်ပြည်နယ်အတွင်းရှိ စစ်ဘေး ရှောင်နေရသည့်နေရာ ၃ နေရာတွင် ဖြန့်ဝေကူညီပေးသွားမည်ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ထားချက်တွင် ဖော်ပြပါရှိသည်။
စစ်ဘေးဒဏ် အဆိုးဝါးဆုံးကြုံတွေ့ခံစားနေရသည့် စစ်ရှောင်ပြည်သူအများစုမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေထဲတွင်သာ ခိုလှုံကြပြီး အဆိုပါ စစ်ရှောင်များကိုလည်း ဒေသအတွင်းရှိ အရပ်ဖက် စစ်ရှောင်ကူညီရေးအဖွဲ့များသာ သွားရောက်ကူညီထောက်ပံ့ပေးနေရကြောင်း၊ ထိုင်းအစိုးရမှ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့်အကူအညီလွှဲပြောင်းပေးခြင်းသည် ထိရောက်မည်မဟုတ်ကြောင်း စစ်ရှောင်များအား အကူအညီပေးသည့် ဒေသခံအရပ်ဖက်အဖွဲ့ဘက်က ထောက်ပြပြောဆိုသည်။
ကရင်ဒေသအတွင်း စစ်ဘးရှောင်များအား ကူညီထောက်ပံ့မှုပေးနေသည့် ကရင်အမျိုးသမီးအစည်းအရုံး -KWO ဥက္ကဋ္ဌ နော်ကညောဖောက“ စစ်ကောင်စီနဲ့ပူးပေါင်းပြီး စစ်ရှောင်တွေကို ကူညီတယ်လို့ ဟန်ပြတဲ့သဘောပဲ။ အများအမြင်မှာတော့ စစ်ဘေးရှောင်ကူညီတယ်လို့ မြင်တယ်ပေါ့။ ဒါပေမယ့် တကယ်တော့ သူတို့က သူတို့ စီပွားရေးအတွက် လုပ်တာဖြစ်တယ်။ နိုင်ငံရေးအခက်အခဲပြဿနာနဲ့ပတ်သက်ပြီး ကူညီဖြေရှင်းပေးတာမရှိဘူး။ အစိုးရ အချင်းချင်းပူးပေါင်းပြီး ဒီစစ်ကောင်စီကို သူတို့က စစ်ကောင်စီကိုပံ့ပိုး ကူညီချင်တာပဲလို့မြင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က ပူးပေါင်းလုပ်ဆောင်နေသည့် ထို လူသားချင်းစာနာထောက်ထားမှုအစီအစဉ်ကို ပြီးခဲ့သည့် ဇန်နဝါရီလက လာအိုနိုင်ငံတွင်ကျင်းပပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။