ဖေဖော်ဝါရီလ ၈ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း -ခမရ ၅၄၆ တပ်စွဲထားသည့် ကျုံဒိုးကျေးနယ် ၇ တိုင်ကျေးရွာရှိ လျှပ်စစ်ဓါတ်အားခွဲရုံနေရာအား ဖေဖော်ဝါရီလ ၇ ရက် ယမန်နေ့ ညနေပိုင်းက ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်- KNLA မဟာမိတ်PDF ပူပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ရှင်း လင်းနိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယနေ့နံနက်တွင်လည်း ကျုံဒိုး ၅ တိုင်၊ ၆ တိုင်၊ ၇တိုင် ကော့ကရိတ် အာရှလမ်းမကြီး တစ်လျှောက် နှစ်ဘက်စစ်ရေး လှုပ်ရှားမှုဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း ၅ တိုင်ကျေးရွာနေ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “၇တိုင်က ကျုံဒိုးကို လိုင်းခွဲတဲ့ ဓါတ်အားခွဲရုံမှာ နေတဲ့စစ်တပ် ကိုမနေ့က ညနေက တိုက် ထုတ်လိုက်တယ်။ စစ်ကတုတ်လုပ်ပြီး နေနေတဲ့နေရာပေါ့။ ကရင်အဖွဲ့ PDF စစ်ကြောင်းတွေ ၅ တိုင်၊ ၇ တိုင်လမ်းတစ်လျှောက်မှာ ရှိနေတယ်။ BGF ကတော့ နွားခြံကုန်း၊ ကျုံဒိုးအဝင်နေရာတွေမှာ ဂိတ်ထိုင်ထားတယ် ”ဟု ပြောသည်။
အလားတူ ကော့ကရိတ် မြို့တွင်းနေရာဖြစ်သော တောင်ပေါ်ကျောင်းနေရာအား KNLA မဟာမိတ်ပူးပေါင်းတပ်များ ဖေဖော်ဝါရီ ၆ ရက်ညနေပိုင်းက တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး ယခင်က စစ်တပ်နှင့် ပူးတွဲတပ်စွဲထားသည့် BGF-ကရင်နယ်ခြာစောင့်တပ်များ ထီဖိုးစံလမ်းမှ ထို့ကော်ကိုး -ဝှေးရှမ်းကျေးရွာလမ်းပိုင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း စစ်ရေးနယ်မြေ သတင်းအရင်း အမြစ်က ပြောသည်။
“အခုက BGF တွေက သူတို့အရင်က စစ်တပ်နဲ့တွဲပြီးနေတဲ့ နေရာကနေ သူတို့တပ်ရင်းတို့၊ သူတို့ အရင် က ဂိတ်ထိုင်တဲ့နေရာတို့ကို ရွှေ့သွားကြပြီ။ တချို့လည်း တပ်နဲ့တွဲ ရှိနေတဲ့နေရာတွေ လည်းရှိနေ သေးတယ်။ အမိန့်မရသေးလို့လို့တော့ ပြောတာပဲ။ ၆ ရက်နေ့ကတော့ BGF ဒီ့ကျော်နော တို့အဖွဲ့ တွေ သူတို့ တပ်ရင်းနေရာဘက်ကို တောင်ပေါ်ကျောင်းကနေ ဆုတ်သွားတယ်။ အဲ့က စစ်တပ်က ဘောလုံး ကွင်းဘက်နဲ့ ၉၇ ထဲကို ဆင်းပြေးကြတယ် ”ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။
လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ ကျိုက်ဒုံ၊ ကော့ကရိတ်၊ ကျုံဒိုး၊ သင်္ဃန်းညီနောင်၊ ရွာသစ်နေရာများတွင် စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်များ နှစ်ဖက်စစ်ရေး တင်းမာမှုဆက်ရှိနေဆဲဖြစ်သည်။ ထိုအခြေအနေကြောင့် ဖားအံ နှင့် မော်လမြိုင်ဘက်မှ စစ်တပ်စစ်ကူစစ်ကြောင်းများ ကျုံဒိုး ခမရ ၅၄၅ တပ်၊ နဘူး ခမရ ၅၄၇ စစ်တပ်မှတစ်ဆင့် ကော့ကရိတ်နှင့် မြဝတီဘက်သို့ စစ်ကူပို့ဆောင်နေကြောင်း ဒေသခံများသတင်းပေးပို့ ချက်အရ သိရသည်။



















