Home သတင်း ရွှေကုက္ကိုလ်တွင် တိုက်အထပ်မြင့်များ တိုးမြှင့်ဆောက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် လူသစ်ခေါ်ယူနေဆဲ

ရွှေကုက္ကိုလ်တွင် တိုက်အထပ်မြင့်များ တိုးမြှင့်ဆောက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် လူသစ်ခေါ်ယူနေဆဲ

865
Photo-CJ

ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် အထပ်မြင့်တိုက်များ တိုးမြှင့်ဆောက်လုပ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် လုပ်ကိုင်ရန် အလုပ်သမားသစ်ထပ်မံခေါ်ယူနေမှုများ ဆက်ရှိနေကြောင်း အမည်မဖော်လိုသူ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen အဖွဲ့တို့ ပြီးခဲ့သည့် လပိုင်းက တွေ့ဆုံဆွေးနွေးခဲ့မှုလုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါ ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်သွားမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထိုသို့ သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိကုက္ကိုလ်ဒေသတွင် ၁၅ ထပ်တိုက်အမြင့် အဆောက်အဦးများကို တိုးချဲ့ဆောက်လုပ်ပြီး အွန်လိုင်းငွေလိမ်ကုမ္ပဏီသစ်များတွင်မူ တရုတ်စကားပြော တတ်သည့် လူအရင်းအမြစ် (HR) အပိုင်းကိုရှာ၍ လူသစ်ခေါ်ယူနေဆဲဖြစ်သည်ဟု အမည်မ ဖော်လိုသူ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ယခုလိုပြောသည်။

“အခုဒီမှာ အခြေအနေတွေသာ မကောင်းဘူး သတင်းထွက်နေတာ။ အဆောက်အဦးတွေ သူတို့ဆောက်နေ တာပဲ။ အများအားဖြင့်တော့ ကာစီနိုတွေများတယ်။ တိုက်တွေပြန်ဆောက်တာ အထပ် ၁၅ ထပ်၊ ၁၆ ထပ်အများ ကြီးပဲ ပြန်ဆောက်တယ်။ အရင်တုန်းကတောင်သိပ်မတွေ့ဘူး။ အခုပြန်ဆောက်တာ အပြည့်ပဲ။ အရင်တုန်း ကတော့ အင်္ဂလိပ်ပိုင်းတွေလည်းခေါ်တယ်။ အခုကနိုင်ငံခြားဘက်က ဆင်းမ်ကဒ်တွေပိတ်လိုက်တော့ အင်္ဂလိပ်ပိုင်းကို သူတို့နားထားတယ်။ အခုက HR နဲ့တရုတ်ပိုင်း တတ်တဲ့သူတွေကို လစာကောင်းကောင်းပေးပြီး သေချာပြန်ခေါ်နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုလ်၊ မြဝတီ၊ ကျောက်ခက်၊ ဖလူး၊ မင်းလက်ပံနှင့် အင်ကြင်းမြိုင် စသည့်နေရာ တချို့ကို ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဖြတ်တောက်ထားသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက် ထားခြင်းကြောင့် ယခင်ကထက် အလုပ်အကိုင်နည်းပါးသွားသည်ဟု နယ်မြေခံဒေသခံများက ပြောဆိုသည်။

သို့သော် ရွှေကုက္ကိုလ်ဒေသအတွက် အလုပ်အကိုင်ရှာဖွေရေး လူမှုကွန်ရက်စာမျက်နှာ(Group)များတွင်မူ “HR အလိုရှိ လစာဘတ် ၄ သောင်း၊ သူဌေး ကျူလီတရုတ် မြန်မာ အင်္ဂလိပ်စာ တတ်ရမည်။ လစာ ဘတ် ၁ သိန်း၊ မိန်းကလေး လူရှာနိုင်ရင်ခေါ်တယ်၊ အစမ်းခန့်လူမရရင် အထုတ်ခံရ၊ မြဝတီဖားအံ ကော့ကရိတ်လူတွေ မခေါ်ပါဘူး။ ကျန်တဲ့မြို့တွေခေါ်ပါတယ်” ဟု ကြေငြာကာ အလုပ်သမားခေါ်ယူနေသည်ကို တွေ့ရှိရသည်။

ထိုသို့ ရွှေကုက္ကိုလ်မြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အလုပ်သမားအသစ် ထပ်မံခေါ်ယူမှုများရှိ နေသော်လည်း ကုမ္ပဏီလာဖွင့်ထားသည့် တရုတ်သူဌေးအချို့ ရှမ်းပြည်နယ်ဘက်တွင် ဖမ်းဆီးခံရပြီး တရုတ်နိုင်ငံ ဘက်သို့ ပြန်လည်လွှဲပြောင်းခြင်းခံရသည့်အတွက် ကုက္ကိုလ်ရှိ ၎င်းတို့ကုမ္ပဏီလုပ်ငန်းများ လည်ပတ်မှု ရပ်နားလိုက်ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကုက္ကိုလ်မှာ ရှယ်ရာတွေဝင် အွန်လိုင်းကုမ္ပဏီထောင်ပြီးတော့ ရှမ်းပြည်နယ်ဘက်မှာပဲနေတဲ့ သူဌေး တွေရှိတယ်။ သူတို့ဟို ဘက်မှာ အဖမ်းခံရတယ်။ တရုတ်နိုင်ငံပြန်ပို့ခံရတယ်ဆိုတာနဲ့ ဒီကသူတို့ ကုမ္ပဏီတွေက နားရပြီ။ တချို့ပိတ်လိုက်ရတဲ့ဟာ တွေလည်းရှိတယ်။ သူဌေးအလွဲအပြောင်းတွေက သူတို့အကြီးပိုင်း တွေနဲ့ပြန်ညှိပြီးလုပ်ကြတာလည်းရှိတယ်။ ဝန်းထမ်းတွေကတော့ အလုပ်မရှိတော့ဘူးပေါ့။ ပြန်တဲ့သူကပြန် ၊ မပြန်တဲ့သူက တစ်ခြားသူဌေးနဲ့ ဆက်လုပ်ကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို အွန်လိုင်းလူလိမ်လုပ်ငန်းများ ဆက်လက်တည်ရှိနေသေးကြောင်း ဒေသခံများမှ ပြောဆိုနေသော်လည်း ၎င်းဒေသကို အဓိကချုပ်ကိုင်ထားသည့် နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အနေဖြင့် ၎င်းလုပ်ငန်းများကိုရပ်နားထားပြီးဖြစ်သလို လာရောက်လုပ်ကိုင်သူများကိုလည်း သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်း ဧရာဝတီသတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောဆိုထားသည်။

အလားတူ ရွှေကုက္ကိုလ်ဒေသကို ထိန်းချုပ်ထားလျက်ရှိသည့် BGF တပ်များအနေဖြင့် စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းအဖြစ်မှ ရိက္ခာ၊ လစာမယူတော့ဘဲ ကိုယ်ပိုင်ပြည်နယ် ငြိမ်းချမ်းရေးတပ်ဖွဲ့အဖြစ် သီးခြားရပ် တည်သွားမည်ဟု စစ်ကောင်စီထံအသိပေးခဲ့ပြီး စစ်ကောင်စီမှ ပြန်လည် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကာ ယနေ့အချိန်ထိ ဆွေးနွေးထားမှုရလဒ် တရားဝင်ထုတ်ဖော်ပြောဆို လာခြင်းမရှိသေးကြောင်း တွေ့ရသည်။